Search This Blog

Wednesday, May 20, 2015

အညာဒေသ မြေယာစာချုပ်များ < > မောင်ဝင်းငြိမ်း

            မြန်မာနိုင်ငံမြေယာစံနစ်သည် "ရေမြေကို ပိုင်စိုးသည်" ဆိုသူ ဧကရာဇ်များ၏ လက်ဝယ်၌သာ ရှိခဲ့ပေသည်။ သို့သော် ကျယ်ပြန့်သော မြေယာအားလုံးကို ဧကရာဇ်များသည် တစ်ဦးတည်း မကွပ်ကဲနိုင်ခဲ့ချေ။ သို့ဖြစ်ရာ ပြည်သူများ၊ မင်းမှုထမ်းများနှင့် သာသနာတော်အတွက် ခွဲခြမ်းစိတ်ဖြာ၍ ပိုင်ဆိုင်ခွင့်၊ လုပ်စားခွင့် ပြုထားခဲ့ရပေသည်။ ယင်း မြေယာများ အပေါ်မှ အခွန်တော်များ ကောက်ယူခဲ့ကြပေသည်။ မြန်မာနိုင်ငံ၏ မြေယာစနစ်သည် ဧကရာဇ်များ လွှမ်းမိုးချုပ်ကိုင်ခဲ့သည့် "ဧကရာဇ်မြေရှင်စံနစ်"သည် သမိုင်းစဉ်တစ်လျှောက်လုံး ဖြစ်ပေါ်လာခဲ့ပေသည်။ သို့သော်လည်း ၁၈၂၄ - ခုနှစ်မှ စ၍ ဗြိတိသျှတို့ မြန်မာနိုင်ငံအား သိမ်းပိုက်လာခဲ့ချိန်တွင် ဧကရာဇ်မြေရှင်စံနစ်သည် ယို့ယွင်းလာခဲ့ပြီး '"ဓနရှင် မြေယာစံနစ်' က တဖြည်းဖြည်း တစတစ နေရာဝင်ယူလာခဲ့ပေသည်။ 


ဧကရာဇ် မြေရှင်စံနစ်

            မြန်မာ့လယ်ယာမြေစံနစ်တွင် စိုက်ပျိုးမြေများအား လေးမျိုးလေးစား ခွဲခြား သတ်မှတ်ထားပေသည်။(က) ဘုရင်များပိုင်သော အရာတော်မြေ၊ (ခ) ကိုယ်တိုင် လုပ်ကိုင် စားသောက်သော ပြည်သူများပိုင်သည့် ဘိုးဘပိုင်မြေ၊ (ဂ) မင်းမှုထမ်းများအား အစားပေးသည့်မြေ၊ (ဃ) သာသနာမြေများ ဟူ၍ ဖြစ်ပေသည်။ 

            ဘုရင်များနှင့် ပိုင်ဆိုင်သောမြေများမှာ (၁) နန်းစဉ်အရာတော်မြေ၊ (၂) စုံသေ အမွေပြတ် အရာတော်မြေ၊ (၃) ပုန်ကန်မှုများမှ သိမ်းပိုက်ထားသော သိမ်းစုအရာတော်မြေ၊ (၄) ယွန်းပေါင် ပုရပိုက်တွင် ရေးမှတ်ထားသော နန်းမတော် မိဖုရားခေါင်ကြီးသို့ ပေးဖွဲ့ရာပါသည့် ယွန်းပေါင်ပါ အရာတော်မြေများ ဖြစ်ပေသည်။ အရာတော်မြေနှင့်ဆိုင်သော အမှုထမ်းများမှာ ရွှေနန်းရိုးလမိုင်းဝန်၊ လမိုင်းဝန်၊ အောင်ပင်လယ် လမိုင်းဝန်၊ ဝတ်မြေဝန်၊ နိုင်ငံတော်ဆိုင်ရာလယ်ဝန်၊ အဝေးလယ်ဝန်၊ မြေစွန်းဝန်၊ ဒီပဗိုလ်၊ အရာတော်အုပ်၊ ဥယျာဉ်တော်အုပ်၊ ဥယျာဉ်တော်မှူး စသူတို့ ဖြစ်သည်။


            ဘိုးဘပိုင် မြေမျိုးများတွင် (၁) ဓားမဦးချမြေ၊ (၂) မင်းပေးမြေ၊ (၃) ငွေဝယ်ငွေပေါင်မြေ၊ (၄) အသည်မြေ တို့ ဖြစ်သည်။ 


            မင်းမှုထမ်းများအား အစားပေးသည့်မြေတွင် (၁) လခရိက္ခာအစားချသော အစားပေးမြေ၊ (၂) မြို့ရွာအကိုင် ပြုလုပ်နေသမျှ ချထားသောအစားမြေ၊ (၃) သူကြီးစားမြေ၊ (၄) သုံ့ပန်းများအား ချထားသော နေမြေ စားမြေ၊ (၅) မြို့စောင့်တပ်သားများ တာဝန်ထမ်းဆောင်ရာဒေသနယ်မြေတွင် လုပ်ကိုင်စားသောက်သော သူရဲသူခိုးမြေတို့ ဖြစ်ပေသည်။ 


            သာသနာ့မြေမျိုးများမှာ (၁) ဘုရားမြေ၊ (၂) ကျောင်းမြေ၊ (၃) ပိဋကတ်မြေတို့ ဖြစ်၏။


            ဘိုးဘပိုင်မြေများနှင့် မင်းမှုထမ်းမြေများကို ခရိုင်ဝန်၊ အဝေးမြို့ဝန်၊ စစ်ကဲ၊ နာခံ၊ မြို့စာရေး၊ မြို့သူကြီး၊ ရွာသူကြီး၊ ရွှေမှူး၊ သံမှူး၊ ငွေခွန်မှူး၊ မြေတိုက်တောကဲ၊ ရွာခေါင်း၊ ဆယ်အိမ်ခေါင်းတို့က အုပ်ချုပ်စီမံရသည်။ သာသနာ့မြေများကို  သာသနာတော်ကသာ စီမံအုပ်ချုပ်ရသည်။ 

            မြန်မာ့မြေယာစံနစ်တွင် မြေယာကို ပိုင်သောအတန်းအစား လေးမျိုးရှိကြောင်း တွေ့ရသည်။ သို့သော် ဧကရာဇ်များက ရေမြေကို အစိုးရသောသူအဖြစ် ခံယူထားကြပေသည်။ 


ဗြိတိသျှ၊ မြန်မာနိုင်ငံမြေယာစံနစ်

            မြန်မာ့လယ်ယာမြေစံနစ်တွင် ဧကရာဇ်များခေတ်တစ်လျှောက်လုံး ဤပုံစံအတိုင်း မြေယာအနေအထား တည်ရှိနေခဲ့သော်လည်း ဗြိတိသျှတို့ မြန်မာနိုင်ငံအား ဆစ်ပိုင်း၍ သိမ်းပိုက်လာသောအခါ အထက်မြန်မာနိုင်ငံ၏ မြေယာ တည်ရှိမှုသည်လည်း ပြောင်းလဲလာခဲ့ရပေသည်။ မြန်မာနိုင်ငံအား ဗြိတိသျှတို့ သိမ်းပိုက်ပြီးသောအခါ အထက်မြန်မာနိုင်ငံ အရာတော်နှင့် ဘိုးဘပိုင်မြေများကို ဆက်လက်တည်ရှိခွင့် ပြုခဲ့ပေသည်။ အောက်မြန်မာနိုင်ငံရှိ မြေများကို အစိုးရပိုင်အဖြစ် သတ်မှတ်ပြီး (၁၂) နှစ်တိုင် အဆက်မပြတ်လုပ်ကိုင်၍ မြေခွန်တော်ပေးဆောင်သူများအား မြေကို လက်ကိုင်ထားနိုင်ခြင်း၊ လုပ်ကိုင်နိုင်ခြင်း၊ ပေါင်နှံနိုင်ခြင်း၊ ရောင်းချနိုင်ခြင်း၊ အမွေပေးနိုင်ခြင်း စသည့်အခွင့်များကို ပိုင်သည့် 'မြေကို လက်ကိုင်ထားသည့် ပုဂ္ဂိုလ်၏အခွင့်အရေးများ'(Land Holders Right) ကို ပေးခဲ့လေသည်။ ဤကဲ့သို့ ပေးခဲ့ခြင်းမှာ ၁၈၆၉- ခုနှစ်တွင် စုးအက်တူးမြောင်း ဖွင့်လိုက်သောအခါ မြန်မာနိုင်ငံနိုင်ငံမှ ဆန်စပါးကို ဝမ်းစာစိုက်ပျိုးမှုလုပ်ငန်းအဖြစ်မှ တိုးချဲ့လုပ်ကိုင်သူများ ပေါများလာအောင် ရည်ရွယ်၍ပေးခြင်းပင် ဖြစ်ပေသည်။ 


မြေရှင်များ နေရာယူလာခြင်း 

            ထိုအခါ မြေယာပေါ်တွင် ငွေပင်ငွေရင်း မြုပ်နှံလိုကြသော ဓနရှင်ကြီးများက အခွင့်ကောင်းယူကာ တောင်သူလယ်သမားတို့အား မျိုးစရိတ်၊ စိုက်စရိတ်၊ ဝမ်းစာစရိတ်တို့ ရရှိကြရန်အတွက် ယင်းတို့၏မြေယာကို အပေါင်ခံထားပြီး အတိုးနှုန်းကြီးစွာဖြင့် ရက်ရောစွာချေးငှားကြလေတော့သည်။ ၁၈၆၉ - မှ ၁၉၂၉ - ၃၀ ခုနှစ်များ အတောအတွင်း တောင်သူလယ်သမားများအပေါ်တွင် ရှိနေသည့် ကြွေးမြီများမှာ ကုဋေ ၅၀- မှ ၆၀ - အထိ ဖြစ်သည်ကို တွေ့ရှိရပေသည်။ ၁၉၃၀- ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးကပ် ကြုံလာခဲ့ရသဖြင့် ဓနရှင်ကြီးများက တောင်သူလယ်သမား များအပေါ် တင်ရှိနေသည့်ကြွေးမြီများကို အတင်းအကြပ် ပြန်လည်တောင်းခံသဖြင့် တောင်သူလယ်သမားများက ငွေအစား မြေများကို ပေးအပ်ကြရတော့သည်။ ဓနရှင်များ၏ငွေကြေးသည် မြေယာအဖြစ်မှ ပြောင်းလဲလာခဲ့ရပြီး မြေရှင်ကြီးများ ပေါ်ပေါက်လာခဲ့ရသည်။ နိုင်ငံခြားသားမြေရှင်နှင့် နို့သက်ခံ တိုင်းရင်းသားမြေရှင်များသည် ဧကရာဇ်မြေရှင်စံနစ်ကို အစားထိုးနေရာယူလာခဲ့ကြတော့သည်။ 


အညာဒေသ မြေယာဖြစ်စဉ်

            မြန်မာနိုင်ငံအောက်ပိုင်းတွင် ဗြိတိသျှတို့ရောင်းချရန် ထုတ်လုပ်သောစိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့မှုကို မြန်မာနိုင်ငံ အထက်ပိုင်းရှိ အိမ်တွင်းစားသုံးရန်နှင့် ပစ္စည်းချင်းဖလှယ်ရန် စိုက်ပျိုးထုတ်လုပ်သော စံနစ်ဟောင်းမြေယာလုပ်ငန်းသည် မယှဉ်ပြိုင်နိုင်ခဲ့ချေ။ အညာဒေသ တောင်သူများသည် မြေရှင် ကြေးရှင် ဓနရှင်များထံ မိမိလုပ်ကိုင်နေသော မြေယာများကို ရောင်းပေါင်လုပ်၍ မြေယာကုန်ထုတ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြရလေသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်သောအခါ အညာဒေသတွင် တိုင်းရင်းသားမြေရှင်စံနစ်ကို ကြီးထွားစေကာ အကြေဒေသတွင် နိုင်ငံခြားသား မြေရှင်စံနစ်ကို ကြီးထွားစေခဲ့လေသည်။


မြေယာစာချုပ်များ

            အညာဒေသတွင် တိုင်းရင်းသားဓနရှင်များနှင့် တောင်သူလယ်သမားများ၏ဆက်ဆံရေးသည် အညာဒေသ တိုင်းရင်းသားမြေရှင်ဖြစ်ပေါ်မှုသမိုင်း၏ အခြေခံအခြေအနေများကို တွေ့ရှိရပေမည်။ အညာဒေသတွင် ''လယ်ကဆုန်၊ ယာနယုန်'' ဟူ၍ ပြောရိုးဆိုစဉ်ရှိခဲ့ပေသည်။ လယ်မြေပေါင်ခြင်း၊ ရွေးနုတ်ခြင်းကို ကဆုန်လတွင် ပြုလုပ်လေ့ရှိပေသည်။ ယာမြေပေါင်ခြင်း ရွေးနုတ်ခြင်းကို နယုန်လတွင် ပြုလုပ်လေ့ရှိပေသည်။

            ငွေရှင်ကြေးရှင် ဓနရှင်များသည် မိမိတို့ငွေကြေးကို တောင်သူလယ်သမားများအား အလဟဿ ကူညီထောက်ပံ့မှု မပြုကြချေ။ အတိုးစားနားယူ၍သာ ချေးငှားကြသည်။ ချေးငှားမှု အပေါင်ခံမှုကို ကတိကဝတ် စာချုပ်စာတမ်းများ ချုပ်ဆိုပြီးမှသာ ချေးငှားကြသည်။ သို့မှသာ ကြွေးတောင်းရန်၊ မြေသိမ်းရန်အတွက် စာချုပ်စာတမ်းကို သက်သေပြု၍ တရားစွဲဆိုကာ မြေသိမ်း၊ ပစ္စည်းသိမ်း၊ လူဖမ်းခြင်းများ ပြုလုပ်နိုင်ပေမည်။ တောင်သူလယ်သမားများသည် ဤဒုက္ခ အန္တရာယ်များကို မသိ၍မဟုတ်၊ သိပါလျက်နှင့် လက်ခံနေခဲ့ကြရသည်။

            မြေယာစာချုပ်စာတမ်းများကို သက္ကရာဇ်ခွေများ၊ ပုရပိုက်များ၊ အခွန်တော်စာချုပ်ခေါင်းများပေါ်တွင် ချုပ်ဆိုခဲ့ကြရသည်။ မြေယာပေါင်နှံမှုကို ယေဘုယျအားဖြင့် လေးမျိုးလေးစား ခွဲခြားသတ်မှတ်နိုင်ပေသည်။
မြေမှန်းငွေတိုး ပေါင်နှံခြင်း

            မြေယာကို ပေါင်နှံသူကသာ ဆက်လက်လုပ်ကိုင်သည်။ ငွေချေးယူပြီး အတိုးကို ပေးရခြင်း ဖြစ်ပေသည်။ မြေမှန်း ငွေတိုး ချေးသည် ဆိုရာတွင် မြေယာကို ကတိကဝတ်ပြု၍သော်လည်းကောင်း၊ မြေယာကို အမြင်ပြု၍သော်လည်းကောင်း ငွေကိုဖြစ်စေ၊ သီးနှံကို ဖြစ်စေ ချေးငှားခြင်း ဖြစ်သည်။ အတိုးကိုလည်း ရာသီထပ်တိုးဖြင့် ယူခဲ့သဖြင့် တောင်သူများမှာ 'ပြောင်းတတင်းနှင့် မြေအပ်လိုက်ရသည်'ဟူ၍ပင် ဆိုစမှတ် ပြုခဲ့ကြရပေသည်။


ငွေပေး မြေရ ပေါင်နှံခြင်း

            မြေရှိသူက ငွေရှိသူထံသို့ မိမိလုပ်ကိုင်စားသောက်သည့်မြေကို ပေါင်နှံသည့်အခါ ငွေရှင်က အပေါင်ခံမြေကို တနှစ်လုပ်စားရသည်။ အင်္ကြန်မတိုင်မီ ပေါင်နှံလေ့ရှိကြသည်။ တနှစ် တသီး ပေါင်နှံကြခြင်းဖြစ်သည်။ တနှစ်တသီးဆိုသော စကားရပ်ကို ငွေရှင်များက သီးထွက်ကောင်းသောနှစ်မှ ထွက်ရှိမည့် သီးနှံဟု အဓိပ္ပါယ်ပြန်ဆို၍ သီးနှံအထွက် မကောင်းသေးလျှင် ရွေးနုတ်ခြင်းကို ငြင်းပယ်လေ့ရှိကြသည်။ တောင်သူလယ်သမားများကလည်း သဘောထားကြီးစွာဖြင့် ဆိတ်ဆိတ်ပင် နေခဲ့ကြရသည်။ တောင်သူက ရွေးနုတ်ရန် အချိန်တန်ပါလျက်နှင့် မရွေးနုတ်နိုင်လျှင် ငွေအထပ်ထပ် တောင်းယူနိုင်ပေသည်။

            ၁၈၂၈-ခုနှစ်က ယင်းမာပင်မြို့နယ် ပြောင်းပြာမြို့အုပ်၏ ငွေပေးမြေရစာချုပ်ကို တွေ့ရှိရပေသည်။ မြေကို ငွေရှင်လက်သို့အပ်၍ လုပ်စားစေခွင့်ပြုရသည်။ ဤစာချုပ်ကို ပေရွက်ပေါ်တွင် ၆-ကြောင်းရေးပေအဖြစ် ရေးသားချုပ်ဆို ထားပေသည်။ ထိုကာလက ငွေကို အတုံးလိုက်အခဲလိုက် အသုံးပြုနေသေးကြောင်းကိုပါ တွေ့ရှိရပေသည်။ မြန်မာ့ငွေကြေးသုံးစွဲမှု၊ အချိန်အတွယ်၊ တန်ဖိုးသတ်မှတ်ပုံတို့ကိုပါ တွေ့ရမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံကမ်းရိုးတန်းကို ဗြိတိသျှသိမ်းချိန်က အညာဒေသ၏မြေယာစံနစ် အခြေအနေကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

စာချုပ်မှာ -
*သက္ကရာဇ် ၁၁၉၀- ပြည့်နှစ် တပေါင်းလပြည့်ကျော် ၁၂- ရက်နေ့တွင် ပြောင်းပြာမြို့အုပ် မောင်ပုလဲက ငွေသုံးရန် လိုပါသည်။ ချေးလည်နှင့်ပါ။ နှုံးမြေတိုင် မောင်ရွှေကိုဆိုလျှင်၎င်း၊ မောင်ပုလဲဆိုချက်အတွင်း မောင်ရွှေသမီးခင်ပွန်းက ငွေမွှေးရွံနိမှံပေါ် ၂၂၀ိ ငွေကို ချေးလည်သည်။ ၄င်းငွေကို မပေးမီအကြား မောင်ပုလဲ ပိုင်သည့် စိတ်လည်မြေကို လုပ်စားနှင့်ပါတော့ဆို၍ ချေးပေးသည်ကာလ သိရှိသူ မောင်ရွှေ၊ ငွေချိန် ငွေခေတ် ဦးညို၊ စာရေး မောင်ဖြူလွင်၊ ၄င်းနောက် မောင်ပုလဲသို့ ထပ်ရသည့် ငွေ ၁၁၈ိ၊ စာရေး ငပြောင်။*


သုံးနှစ်သုံးသီး ပေါင်နှံခြင်း

            မြေပေါင်သူက အတိုး မပေးရချေ။ အပေါင်ခံသူက သုံးနှစ်သုံးသီး လုပ်စားခွင့် ရှိ၏။ လက်ရောက်ပေါင်နှံခြင်း ဟုလည်း ခေါ်ပေသည်။ ပေါင်နှံသူအား မြေရှင်က ပြန်၍ချထားခဲ့လျှင် ယာမြေဖြစ်က သီစားခ သုံးစုတစု ပေးရသည်။ လယ်မြေဖြစ်လျှင် ထက်ဝက်ပေးရသည်။ ငွေရှင်က အပေါင်ခံထားသောမြေကို ပြောင်းရွှေ့ချထားနိုင်သည်။ မြေပေါင်သူကလည်း မြေရှင်ထံ ထပ်ငွေတောင်းနိုင်သည်။

*သက္ကရာဇ် ၁၂၅၂-ခု နယုန်လဆန်း ၁၀-ရက်နေ့တွင် လယ်ဇင်ရွာနေ ကျောင်းတကာဦးဖိုးဝန်သမီးခင်ပွန်းတို့က ၁၂၅၁-ခုနှစ် ကြေးရင်း ၂၅၀ ကျေးဇတွက် အညွန့်ငွေ ၆၀ိ၊ ငွေများကို ပေးမဆပ်နိုင်ပါ။အထက်ကတိချုပ် ရှိသည့်အတိုင်း ကျောက်ကာနယ်တွင်ရှိ လယ်ယာမြေ ၂-ရပ်ကို ပေါင်ရူပါ၊ ဦးဖိုးဝန်သမီးခင်ပွန်းတို့ကဆိုလျှင်၎င်း၊ ဦကလုံ ဦးစံပွားတို့က ဦးစံပွား ၁၅၇ိ၊ ၄င်းနောက် နယုန်လဆန်း ၁၀-ရက်နေ့တွင် ဦးကလုံက ကျောင်မယာ ဦးဖိုးဝန်သို့၎င်း လယ်ယာမြေပေါ်သို့ ထပ်ဖြေ့ပေးလိုက်ရသည်။ ၈၄ိ- စုစုပေါင်း ၃၉၉ိ ပေး၍ ပေါင်ယူလိုက်သည်။ ယာမှာ ရွေးပေးလိုလျှင် သုံးနှစ်သုံးသီးလုပ်စားပြီးမှ စာချုပ်ထားကြသည် ကာလ စာစီစာရေး- ကိုချီ။ *

ဤသို့ မြေပေါင်စာချုပ်များကို သက္ကရာဇ်စာဖြင့် ချုပ်ဆိုထားကြသည်ကို အထက်မြန်မာနိုင်ငံအား ဗြိတိသျှတို့ သိမ်းပိုက်ပြီးချိန်တွင် အခွန်တော် တံဆိပ်ခေါင်းကို သုံးစွဲချုပ်ဆိုခဲ့ကြပြန်သည်။ ၁၈၉၆ - ခုနှစ်က ချောင်းဦးမြို့ အရှေ့မအုပ်ရပ်တွင် သုံးနှစ်သုံးသီး ချုပ်ဆိုထားသော အပေါင်စာချုပ်တစ်ခုမှာ . . . 

*သက္ကရာဇ် ၁၂၅၈ - ခု၊ တပေါင်းလပြည့်ကျော် ၉- ရက်နေ့တွင် ချောင်းဦးမြို့ စီရင်စု အရှေ့မအုပ်ရပ်နေ ဦးစံရှိန်က ငွေအသုံးလို၍ ကျွန်ုပ်ပိုင်ဆင်ခေါင်းကွင်းရှိ ဇီးပင်ခေါ် လယ်ကွက်ရေ ၄ - ကန်ပျိုး ၃၀၀- ဝင် လယ်မြေသည် အရှေ့အလာ ဦးအံ့မြေနှင့် အစပ်၊ မြောက်အလာ ကိုမြအေးမြေအစပ်၊ တောင်အလာ ဆင်ခေါင်းရိုးအစပ်ထိ၊ နယ်လေးရပ် သတ်မှတ်သောလယ်မြေကို ငွေ ၁ိ- သုမ်း ဒင်္ဂါးပြားရေ ၁၄၀ - နှင့် ပေါင်လိုပါသည်၊ ပေါင်ခံပါ၊ လက်တော်ရာရွာနေ ကိုဆိုင်သမီး ခင်ပွန်းကို ဆိုလျှင်၎င်း ဦးစံရှိန်အဆိုအတိုင်း အထက်ပုမ်စံပါနယ်လေးရပ်သတ်မှတ်ထားသော လယ်မြေ ၃၀၀ - ဝင်ကို ငွေ ၁ိ-သုမ်း ဒင်္ဂါးပြားရေ(၁၄၀) တရာ့လေးဆယ်ငွေကို မောင်ဆိုင်သမီးခင်ပွန်းတို့က မြေရှင်ဦးစံရှိန်လက်သို့ ရေပေး၍ပေါင်ယူသည့်ခါ မြေမှာ သုံးနှစ်သုံးသီး လုပ်စားပြီးမှ ရွေးနှုတ်ကျရမည်ဆို၍ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ အသိသက်သေတို့ရှေ့ ပေါင်နှံစာချုပ်ထားကြသည်။

အသိသက်သေ                 မြေရှင်                ဦးစံရှိန်
ဦးကြီးတင်                       ငွေရှင်                မောင်ဆိုင်
ဦးထွန်းလှ
မောင်ဘိုးဆင်


ဤသို့ဖြင့် ဗြိတိသျှအခွန်တော် တံဆိပ်ခေါင်းများကို အသုံးပြုလာသောအခါ ငွေရှင်နှင့် မြေရှင်တို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးကြသည့်ပြင် အသိသက်သေများပါ လက်မှတ်ရေးထိုးကြသည်။ စာမတတ်သော တောင်သူများမှာ ကြက်ခြေခတ်ခြင်း၊ လက်ဗွေပုံစံနှိပ်ခြင်းများ ပြုလုပ်ကြရသည်။ မြေပေါင်စာချုပ်များမှာ တောင်သူလယ်သမားများ အပေါ်တွင် ငွေရှင်များက အပေါ်စီးမှသာ ချုပ်ဆိုခဲ့ကြသည်။ တောင်သူလယ်သမားများသည် မြေပေါင်လိုက်၊ အထပ်တောင်းလိုက်၊ အတိုးပေးလိုက်နှင့် နောက်ဆုံးတွင် ကောက်ဆွနှင့် ဆန်ကောသာကျန်သည့်ဘဝသို့ ရောက်ခဲ့ကြရတော့သည်။ မြေမလုပ်သောမြေရှင်ကြီးများ ဖြစ်ပေါ်လာရပေတော့သည်။


မျိုးပြန်တိုးချေးခြင်း

            မျိုးပြန်တိုးချေးသည်ဆိုရာတွင် မြေကို အမာခံပစ္စည်းအဖြစ် အသိအမှတ်ပြုထားပြီး သီးနှံမျိုးစေ့ကို ချေးပေးခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် ငွေကြေးမပါဘဲ သီးနှံကိုသာ ချေးယူခြင်း၊ အတိုးပေးခြင်း၊ ပြန်ဆပ်ခြင်း ပြုလုပ်ကြရသည်။ ပြန်ဆပ်ရာတွင်လည်း တိုးရင်းနှစ်ခုလုံးကို တိုက်ဝင်ကျီရောက်ပေးသွင်းပြီး ဆပ်ကြရသည်။ အတိုးနှုန်းကိုလည်း အရင်း (၁၀) တင်း ချေးယူလျှင် (၁၅) တင်း၊ တင်း (၂၀) စသည်ဖြင့် ပြန်ဆပ်ကြရသည်။ ငွေရှင်များမှာ မဆပ်နိုင်လျှင်လည်း စိတ်ရှည်စွာ စောင့်နိုင်သူ ဖြစ်သည်။ ကောက်ကြီးရာသီတွင် ချေးယူထားပါက ကောက်ကြီးတက်ချိန်တွင် ပြန်လည် မပေးဆပ်နိုင်ပါက ကိုင်းရာသီတွင် ပြန်ဆပ်နိုင်ရန် စောင့်ဆိုင်းကြသည်။ သည်တနှစ် မဆပ်နိုင်ပါကလည်း နောက်နှစ် ကောက်ကြီးရာသီ၊ ကိုင်းရာသီများအထိ စောင့်ကြသည်။ သို့သော် အကြောင်းမဲ့ စောင့်ဆိုင်းထားကြခြင်း မဟုတ်ပေ။ ရာသီလိုက် တိုးရင်းမှတ်၍ထားကြသည်။ နောက်ဆုံးတွင်မှ သီးနှံကို ကာလပေါက်ဈေးဖြင့် ငွေသင့်၍ မြေကို ကြွေးဖြင့် သိမ်းလိုက်ကြတော့သည်။

            ၁၈၅၉-ခုနှစ်က ကျွန်းလှမြို့နယ် မက်တောင်ကျေးရွာမှ ချေးယူသောစပါးတိုး စာချုပ်တစောင်ကို ပုရပိုက်ပေါ်တွင် မှတ်သားထားသည်ကို တွေ့ရပေမည်။

*သက္ကရာဇ် ၁၂၂၁-ခု တပို့တွဲလပြည့်ကျော် ၇- ရက်နေ့ ငကြော်ခေါင်က စားသောက်ရန်မရှိ၍ ရွှေမှူးမင်းထံ ချေးမနှင့်ဘာဆိုလာလျှင်လည်း၎င်း ငကြော်ခေါင်ဆိုချက်အတိုင်း ရွှေမှူးက ချေးပေးလိုက်သည် စပါး ၁၅ နောင်နှစ် တလင်းတက်လျှင် ကျွံတော် ငကြော်ခေါင် အရင်း ၁၅ - အတိုး ထုံးစံရှိသည့်အတိုင်း တိုက်ဝင်ကျီရောက် ပေးဆပ်ပါမည်၊ ၂ - ဦး သဘောတူ စာချုပ်ထားကြသည်။
ဤသို့ဖြင့် တောင်သူလယ်သမားများသည် မြေကို ပေါင်၍ မြေကို လုပ်ခဲ့ကြရသည်။ မြေပေါင်ခြင်းသည် မြေယာလက်ငုတ်လက်လွတ်ခြင်း၏ အစသာဖြစ်သည်။ နောက်ဆုံးတွင် အပေါင်ဆုံးမြေအဖြစ်သော်လည်းကောင်း၊ ထွန်ထယ်ကိရိယာ၊ မြေ၊ ရှိပစ္စည်းနှင့် လူကို ကြွေးဝရမ်း ကပ်၍သော်လည်းကောင်း၊ တောင်သူလယ်သမားများ လက်ဝယ်ရှိ မြေများမှာ ငွေရှင် မြေရှင်ကြီးများလက်သို့ စုံပြုံရောက်ရှိကြရတော့သည်။ ဧကရာဇ်များခေတ်က အခွန်တော်ပဏ္ဏာ သခဲ့ကြရသလို တောင်သူလယ်သမားများသည် မြေရှင်များထံမှ သီးစားခံယူ၍ မြေကို ဆက်လက် လုပ်ကြရပြန်သည်။ မြေရှင်က အကြောင်းအမျိုးမျိုးပြ၍ လွှဲပြောင်းချထားပြန်လျှင် တောင်သူလယ်သမားများမှာ မြေယာလုပ်ပိုင်ခွင့်များ ဆုံးရှုံး၍ ဘဝဆိုးနှင့် ရင်ဆိုင်ကြရပြန်သည်။ သို့သော်လည်း မြေယာစံနစ်ဆိုး လက်တွင်းမှ မလွတ်ကင်းနိုင်အောင် သမိုင်းခေတ်များ ချီ၍ငုံ့ခံခဲ့ကြရပေသည်။

            မြေယာကို အရောင်း၊ အပေါင်၊ အတိုး သုံးမျိုးလုံးဖြင့် မြေလက်လွတ်ဆုံးပါး၍ တောင်သူလယ်သမားဘဝကို စွန့်ခွာသွားရသူများ၊ ကြွေးဝရမ်းကြောင့် ထောင်သွင်းအကျဉ်းချထားခံရသူများ၊ လူ့ဘဝ ရပ်တည်မှု ဆုံးရှုံးခဲ့ရသူများ၏ ရင်နင့်ဘွယ် ဖြစ်စဉ်သမိုင်းများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေနှင့် သီးစားခဖျက်သိမ်းသည့် ဥပဒေများက ချုပ်ငြိမ်းစေခဲ့ပြီး ဖြစ်ပေသည်။ ကိုယ့်အားကိုယ့်မာန်ဖြင့် ' မြေလုပ်သူ မြေပိုင်ခွင့်' ကြွေးကြော်သံဖြင့် ယခုအခါ လူ့ဘောင်သစ်ဆီသို့ ချီတက်နေကြပြီ ဖြစ်ပေသည်။ သမိုင်း၏ဖြစ်စဉ်တရားသည် သဘာဝကျသော၊ တရားသော၊ မှန်ကန်သော ဖြစ်ပျက်ပြောင်းလဲမှုဖြင့် တောင်သူလယ်သမားများ၏ဘဝသည် မြန်မာ့လူ့ဘောင်၏သမိုင်းသစ်ကို ရေးထိုးကြရပေဦးမည်သာတည်း ။          ။
                                                                                                                       

မြဝတီမဂ္ဂဇင်း၊ မေလ ၁၉၇၀၊ စာ ၆၄၊ ၆၇ - ၇။
စုဆောင်သူ - ဦးအောင်သန်းထွန်း၏ ပုဂ္ဂလိက စုဆောင်မှု
ထိန်းသိမ်းသူ - ငမိုးရိပ် လူမှုသုတေသနအဖွဲ့ (NgaMoeYeik Social Research Society)

Saturday, April 18, 2015

ကမ္ဘာလား ၄ ရပ် <> ဦးဆန်းထွန်း (မန်းတက္ကသိုလ်)


ယနေ့အမြင်နှင့်ကြည့်သော် ခေတ်မမှီရုံမက တရားမျှတမှု ရှိမှရှိပါအံလောဟုပင် သံသယဖြစ်ဖွယ် ရှိနေသော ကမ္ဘာလား (၄) ရပ်အကြောင်းကို ရေးရခြင်း၏ အကြောင်းသော်က ....
သုတေသီတို့အတွက် တခါတခါ လိုချင်ခါမှ ရှာမရသော ဒုက္ခမျိုးနှင့် တိုးမိနေတတ်သည်။ ထိုဒုက္ခ ထိုအခက်အခဲကို မိမိအနေနှင့် တဖက်တလမ်းက စွမ်းအားရှိသမျှ မိမိထောက်မီသမျှ ဖြေရှင်းထားခဲ့ ချင်သောအကြောင်းလည်း တကြောင်းဖြစ်သည်။ 


ကမ္ဘာလား အကြောင်းကို မာတိကာ(၄) ခုထား၍ ရေးရပေမည်။
 

(၁) ကမ္ဘာလားဝေါဟာရ၏ အနက်အဓိပ္ပါယ်။
 

(၂) ကမ္ဘာလားအမျိုးမျိုး။
 

(၃) ကမ္ဘာလားခြင်း၏အရင်းခံအကြောင်း။
 

(၄)မြန်မာမင်းများ အထူးအားဖြင့် ဘိုးတော်ဘုရားလက်ထက်က ကမ္ဘာလားစီရင်ထုံးတခု။
 

ဤသို့ မာတိကာ(၄) မျိုးထား၍ရေးသော် ဖတ်ရှုသူတို့ ရှေးရိုးစဉ်လာ ကမ္ဘာလားအကြောင်း ရှင်းလင်းစွာသိနိုင် ကြပေလိမ့်မည်။
 

(၁) ကမ္ဘာလား ဟူသော မြန်မာဝေါဟာရနှင့် သဒ္ဒါနက်အားဖြင့်တူမျှသော(ဥဒါဟရုဏ်ဆိုရသော် တပ္ပဝတိ ကဲ့သို့သော) ပါဠိ, သက္ကတ စာပေများတွင် မတွေ့ရပေ။ သို့သော် ကမ္ဘာလားနှင့် အဓိပ္ပါယ်တူမျှသော စကားလုံးကိုကား သက္ကတစာပေများတွင် ရှာဖွေတွေ့ရှိနိုင်လေသည်။ သက္ကတဘာသာ၌ ကမ္ဘာလားကို ဒိဗျ ဟုခေါ်သည်။ ဒိဗျ ဆိုသည်မှာ (ဒိဝိတဝံဒိဗျံ) နတ်လောက နတ်ကမ္ဘာ၌ဖြစ်သောအရာ နတ်အဆုံးအဖြတ် ဟု ဆိုလိုသည်။ လူ့လောက၌ အခိုင်မာ အထောက်အထား သက်သေ သာဓက မရနိုင်တော့သည့်အဆုံး နတ်သက်သေများကို ရှာရတော့သည်ဟု ဆိုလိုသည်။
လူသားသက်သေမရသော်လည်း သဘာဝသက်သေ (၁၄) မျိုးရှိကြောင်း မဟာဘာတရ အာဒိပဗ္ပ သမ္ဘဝဝဂ် ဂါထာ နံပါတ် (၃၀) တွင်ဆိုသည်။
 

(၁) နေ (၈) နှလုံးသား
 

(၂) လ (၉) ယမရာဇ်
 

(၃) လေ (၁၀) နေ
 

(၄) မီး (၁၁) ညဥ့်
 

(၅) မိုး (၁၂) နေ့ဆည်းဈာ
 


 (၆) မြေ (၁၃) ညဥ့်ဆည်းဈာ
 

(၇) ရေ (၁၄) ဓမ္မ (တရား)
 

သဘာဝသက်သေများသည်ပင် ကမ္ဘာဖြစ်သောကြောင့် ကမ္ဘာလားသည် ဟူသော မြန်မာတို့ဝေါဟာရလည်း နှစ်သက်ဖွယ်ပင် ဖြစ်သည်။ ကမ္ဘာလား ကို အင်္ဂလိပ်ဘာသာ၌ ORDEAI ခေါ်သည်။
 

(၂) ကမ္ဘာလား အမျိုးမျိုးရှိသည်၊ ဒိဗျတတွမည်သောကျမ်းတွင်
 

(၁) ချိန်ခွင် (၅) သန်လျက်အိမ်
 

(၂) မီး (၆) ဆန်
 

(၃) ရေ (၇) ပဲစေ့ပူ
 

(၄) အဆိပ် (၈) သစ်သီး
 

(၉) ဓမ္မ ဟူ၍ ကိုးမျိုးပြားသော ကမ္ဘာလားခြင်းများကို ဗြဟပ္ပတိဆရာ အကျယ်တဝင့် ရေးသားထားရှိ၏။ သို့သော်လည်း ဤနေရာတွင် မြန်မာတို့၏ ကမ္ဘာလား အကြောင်းကို ရေးရဦးမည်ဖြစ်၍ ထိုဟိန္ဒူကမ္ဘာလားများ အကြောင်းကို ချန်လှပ်ရတော့မည်။
(၃) ကမ္ဘာလားခြင်း၏အရင်းခံအကြောင်းကို ရှာဖွေလျှင် မျက်မြင်သက်သေမရခြင်းပင် ဖြစ်သည်။
ဝိဝါဒေ၊ တရားအငြင်းအခုံဖြစ်လတ်သော်။
ပတ္တံ၊ စာချုပ်ပေတဲ - စာရွက်စာတမ်းကို ၊ အန္ဓိဿတေ၊ ရှာအပ်၏၊ တဒဘာဝေပိ၊ ထိုစာချုပ်ပေတဲ မရှိသော်လည်း။ သတ္ဓိနော၊ သက်သေတို့ကို။ အန္ဓဿန္တေ ရှာအပ်ကုန်၏။
သက္ခုာဘာဝါ၊ သက်သေမရှိခြင်းဟူသော။ တတော၊ ထိုအကြောင်းကြောင့်။ မနီသိနော၊ ပညာရှိတို့သည်။ ဒိဗျံ၊ ကမ္ဘာလား (ရမည်ဟူသော အကြောင်း)ကို ။ ပဝဒန္တိ၊ မိန့်မှာတော် မူကြကုန်၏။
(ပဉ္စတန္တ၊ ၁- မိတ္တတေဒ၊ ၄၃၆ ဂါထာ)
 

 ဤသို့ ဆရာတို့မိန့်မှာချက်လည်း ရှိသည်။ ထိုမှတပါး ဝါရိရူမင်းလက်ထက်၊ တလိုင်းတို့ဘာသာ (မွန်ဘာသာ) ကမ္ဘာ (၄) ရပ် စကားတို့ ဟံသာဝတီဆင်ဖြူများရှင်လက်ထက် ဗုဒ္ဓဃောသအသျှင်မြတ် မြန်မာပြန်ဆိုထားရင်း ကမ္ဘာလားပါဌ်နိဿယ၌လည်း အသက္ခိကရဏ = သက်သေမရသောအမှုတွင် ရေလား စသော ကမ္ဘာလား ပြရမည့်အကြောင်း အကျယ်ပြမှာခဲ့သည်။
စုန်းရေချ။ ပကတိရေချ- ဟူ၍ ရေချနှစ်မျိုးရှိသည်အနက် ပကတိရေချနှင့်ပတ်သက်၍ မွန်ဘာသာမှ မြန်မာပြန်သော ကမ္ဘာလားအကြောင်း၌ အောက်ပါအတိုင်းရေးခဲ့သည် . . . . .
ရေကန်၌၄င်း, မြောင်း၌၄င်း မြစ်၌၄င်း ဝါးကို (၇) တောင်စီဖြတ်၍ (၂) ခုသော ပန်းသုန်းတိုင်တို့ကို ရင်နှင့်မျှသော ရေနှိုက်၎င်း၊ လည်နှင့်မျှသော ရေနှိုက်၎င်း စိုက်၍ နှိပ်ဝါးကို ပန်းသုန်းတိုင်၌ ချည်၍ ထားစေရာ၏။
 

အမှုသည် နှစ်ယောက်တို့ ဆောင်ရာသော ပန်းကား ဆပ်သွား၊ သပြေ၊ နေဇာ၊ ကုက္ကို၊ ဒန်း၊ သီး၊ မုရားကြီးစသော ပန်းတို့တည်း။ ထိုပန်းတို့ကို ရေချမ်းအိုး၌စိုက်၍ ကြက်တခုစီ။ ပွဲခင်းနှီးခေါက်ဖျာ။ ရေလဲပုဆိုး (၆) တောင်။ မုံ့ဖြူ (၇)။ ခေါင်း မြီးစုံငါး(၇)။ လက်ဖက်အုပ်၊ ကွမ်းအုပ်။ အုန်းပွဲ။ ငှက်ပျောပွဲ။ ဖက်ခွက် (၇)။ ။ ထိုဆိုအပ်သော အခမ်းအနားစု ရေသို့ရောက်သော် သမ္ပာဒေဝနတ်တို့ ပူဇော်စေရာ၏။
 

အမှုသည်တို့သည် ဆန် ပန်း ပေါက်ပေါက်ဖြင့် လက်ကို မြှောက်စေ၍ ရေကို ရှေးရှုနေစေရာ၏။ ရေလဲပုဆိုးကို ဝတ်စေရာ၏။ ခါး၌ (၇) တောင်သော ကြိုးကို ဘွဲ့ချည်၍ နေစေရာ၏။
ပုန်စာ(ဘုဉ္စာ) တခက်ကို မြတ်စွာဘုရားအား ပူဇော်စေရာ၏။ ပုန်စာတခွက်ကို ရေသို့ချရာ၏။ ကြွင်းသောပုန်စာ (၄) ခွက်ကို အရပ်လေးမျက်နှာတို့၌ ပူဇော်စေရာ၏။
ဤသို့သော အခြင်းအရာကို ပြုပြီးသော် အချုပ်ဓိဋ္ဌာန်စာကို လည်၌ စွပ်၍နေစေရာ၏။ ထမင်းမုံ့ ငါးစုံစေရာ၏။ အချုပ်ဓိဋ္ဌာန်စာကို (၃) ခါ ဖတ်ပြီးလျှင် လည်၌စွပ်၍ ရေသို့ ဆင်းရာ၏။
အမှုသည်တို့သည် မိမိပန်းသုန်းတိုင်ကို လက်ဖြင့်ကိုင်၍ နေစေရာ၏။ နှိပ်ဝါးကို ပုခုံးထက်၌ထား၍ ကုန်းပေါ်၌ တရားသူကြီးတို့သည် ထိုင်နေ၍ “နှိပ်တော” သုံးခါဆိုသော အဆုံး၌ စေသူတို့သည် နှိပ်ဝါးကို အလယ်၌ ကိုင်၍ နှိပ်ကုန်ရာ၏။
 

ထိုအမှုသည် နှစ်ယောက်တို့တွင် ရှေးဦးစွာပေါ်သူကို ရှုံးစေရာ၏။ နောက်ပေါ်သူကို အောင်စေရာ၏။ ပေါ်ခြင်း (၄) မျိုးရှိသည်။
 

(၁) ဆံပေါ်ခြင်း
(၂) နဖူးပေါ်ခြင်း

(၃) မျက်စိပေါ်ခြင်း
(၄) နှာခေါင်းပေါ်ခြင်း
(၁) တယောက်သည် ဆံပေါ်၏၊ တယောက်သည် နဖူးပေါ်၏။ နဖူးပေါ်သူ ရှုံးစေ . . .
(၂) တယောက်သည် နဖူးပေါ်၏၊၊ တယောက်သည် မျက်စိပေါ်၏။ မျက်စိပေါ်သူ ရှုံးစေ . . .
(၃) တယောက်သည် မျက်စိပေါ်၏ ၊ တယောက်သည် နှာခေါင်းပေါ်၏။ နှာခေါင်းပေါ်သူ ရှုံးစေ . . .
 

အမှုသည်(၂)ဦးအညီငုပ်နိုင်သော်လည်း မှုးမှိုင်တွေဝေသော်လည်းကောင်း၊ ရေမွန်းသော်လည်းကောင်း၊ သွေးအန်သော်လည်းကောင်း၊ မိမိပန်းသုန်းတိုင် လက်လွတ်သော် လည်းကောင်း အင်္ဂါတပါးပါး ချွတ်ယွင်းသူ ရှုံးစေ . . . ဆုံးဖြတ်ရာ၏။
ရဟန်းတို့ဆိုထုံး ကျမ်းသစ္စာ၊ ရေ၊ ဆန်၊ မအပ်သော မင်းညီ မင်းသား ရဟန်း ပုဏ္ဏားတို့မှာ ရဟန်းတော် ကမ္မဝါစာကို ထမ်းစေ၍ “ငါဆောင်သော ကမ္မဝါဝိနည်း သိက္ခာသည် အလျှင်းမရ၊ သာသနာတော်မှ ရွေ့လျော၍ သင်္ဃဘေဒကကံ ထိုက်သော အဝီစိငရဲနှိုက် တကမ္ဘာပတ်လုံး မဆုံးမချင်းရသည် ဖြစ်စေသောဝ်” ဟု ပန္နက်ပြီးမှ မှန်ရာဆိုစေ၏။
 

ပုဏ္ဏားတို့ထုံး
ပုဏ္ဏားတို့မှာ မဟာပိန္နဲနတ်ရုပ်ကို ပုခုံးတွင် ထမ်း၍ “ပုဏ္ဏားတို့ဘာသာ စောင့်ရှောက်အပ်သော ကျင့်ဝတ်အကျိုးတို့သည် အလျှင်းမရသည်ဖြစ်၍ မာတုဃာတကကံ၊ ပိတုဃာတကကံထိုက်သော အဝီစိငရဲနှိုက် တကမ္ဘာပတ်လုံး အဆုံးမချင်း ခံရသည်ဖြစ်စေသောဝ်” ဟု ပန္နက်ပြီးမှ မှန်ရာကို ဆိုစေရာ၏။ ။ မနုရှင်ရသေ့ ဆိုတော်မူ၏။
 

 ရေလားဓိဋ္ဌာန်စာ
ရေလားဓိဋ္ဌာန်စာကား . . . အကျွန်ုပ်သည် မဟုတ်မမှန်ဆိုပချေသော် . . . လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ မိဒ္ဓ၊ အဟီရိက၊ အနောတ္တပ္ပတည်းဟူသော အကုသိုလ် (၁၀) ပါးတရားတို့သည် ကောင်းသောတိုက်တွန်းခြင်းဖြင့် တိုက်တွန်းသည်ဖြစ်၍ သာသနာတော် ငါးထောင်ပတ်လုံး မဆုံးမချင်း ရုပ်တုတော်၊ ပုထိုးတော်၊ စေတီတော်၊ မွေတော်၊ ဓာတ်တော်အပေါင်းတို့ကို စောင့်ရှောက်တော်မူကုန်သော နတ်မြတ်၊ ဓမ္မက္ခန္ဓာ အပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင်ကို စောင့်သော နတ်မြတ်၊ မဟာနဂရသောဋ္ဌသနှင့် နိဂမဇနပဒ ထိုမှများစွာ အရွာရွာနှင့် မဟာသမုဒ္ဒရာအသီးသီးမြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ သီဒါ(၇)တန်၊ သတ္တရတန်တောင်စဉ်(၇) ထပ်၊ (၄) ချက်ဗဟို မြင်းမိုထိပ်ချာ၊ ဟိမဝန္တာမကြွင်း အိုင်မင်းတောတောင်၊ ကုန်အောင်အစင် စောင့်ထကျင်သည် ပည်းဖြင်ဒေဝ ရုက္ခဘုမ္မာ အာကာသစိုး တန်ခိုးကြီးမြတ် သူရဿတီ စဏ္ဍီပရမီသွာ မဟာပိန္နဲ (ဂေါပေန္ဒရ) မဏိမေခလာ မဟာဝဿဝရော(ဝေဿဝဏာ) တာနော(ဒါနော)ယက္ခ စသည် နတ်မြတ်၊ ရွှေမြို့တော် ရွှေနန်းတော် ထီးဖြူတော် ထီးချက်တော်စောင့်သော နတ်မြတ် ယခုငုပ်အပ်သော ရေနှိုက်နေသည့်(၁၀) ကုဋေ အပေါင်းမိကျောင်း လပိုင် ကြီးခိုင်ခွန်အား နဂါးမြွေကြီး ဆီး၍ဟပ်မျို ထိုထိုအများ လိပ် ငါးမကန်း ငမန်းငဆင် အလျင်တဆော သောသောလည်းအုံ စားတုံလုယက် သွေးသားပျက်၍ အသက်ခန္ဓာ ခုမကြာလျှင် ငါလည်း မနေဖြစ်သော . . . ကျွန်ုပ်ဆိုသည်စကား ဟုတ်မှန်သည်ဖြစ်လျှင် ဒါန သီလ ဘာဝနာ အပစာယန ဝေယျာဝစ္စ ပတ္တိဒါန ပတ္တာန္ဒ မောဒန ဓမ္မဿဝန ဒိဋ္ဌိဇုကမ္မတု ဆိုအပ်သော (၁၀) ပါးသော တရားတို့သည် ကောင်းသောတိုက်တွန်းခြင်းဖြင့် တိုက်တွန်းသည်ဖြစ်၍ ဤသို့ဆိုခဲ့ပြီးသော နတ်ရဲ ဘီလူးရဲသည် ရင်၌သားကဲ့သို့ သနားကြည့်ရှု စောင်မသည်ဖြစ်၍ ယခု ငုပ်အပ်သော ရေနှိုက် ဘေးရန်အပေါင်းတို့သည် ဝေးစွာ ကြဉ်ဖဲကုန်သည်ဖြစ်၍ မမွန်းမသီး သာယာစွာ ငုပ်နိုင်သည် ဖြစ်စေသော။
( ၃ ကြိမ် ၃ ခေါက် ဖတ်လေ)
 

 ရေလားအစီရင်
ရေလားအစီရင်ကား . . .ပုခုံးနစ်ရုံ ရေနှိုက် ဝါးတတားခြားတိုင်ကို မြဲစွာစိုက်ပြီးလျှင် ထိုတိုင်တွင် ပိုင်းတန်းချည်စေ၍ တိုင်ခြားတွင်လည်း ပရိတ်ချည် ပရိတ်ပန်း ချည်စေ . . . ရေငုပ်အံ့သောသူတို့ကို ပွတ်နတ်ရကာ ပရိတ်အိုး ပရိတ်ပန်း ကြက်တကောင်ဆောင်စေ . . .
ရေနားသို့ရောက်လျှင် ပွဲနတ်ရကာ ခင်းကျင်းပသပြီးမှ ဓိဋ္ဌာန်စာဖတ်၍ လည်တွင်ခွေပြီးမှစွပ်၊ သေချာအောင်ကြိုးနှင့် ရစ်ပြီးလျှင် ရေငုပ်အံ့သော သူ၏ဥက္ခောင်းနှိုက် ပရိတ်ပန်း ပရိတ်ချည် ပန်စေပြီးလျှင် ရတနာသုံးပါး နတ်မြတ်တို့အား ပူဇော်၍ တယောက်တတိုင်စီ တိုင်သို့သက်စေပြီးမှ ခါးတွင် ကြိုးချည်၍ ကြိုးကို ရေငုပ်သာအောင် လျော့လျော့ တိုင်ကချည်၍ထား ရေငုပ်အံ့သော သူနှစ်ယောက်၏ ပုခုံးကို ဝါးတင်၍ အလယ်တွင်ကိုင်လျက် တပြိုင်နက် ငုပ်ကြတော့ဆို ဝါးကို နှိပ်ရမည်။
ကုန်းကလည်း နာရီစောင့်သောသူသည် ရေငုန်တည့်လျှင်နားနှစ်ဖက်ပိတ်၍ အောင့်နေစေ. . . ထိုသူ မအောင့်နိုင်လျှင် ရေငုပ်သောသူတို့ကို ဖော်ယူစေ . . . အလျင်ပေါ်လျှင် မပေါ်သူကို ဖော်ယူစေ . . . ။
တိုင်စိုက်၊ ဝါးနှိပ်၊ ကြိုးဖို့း၊ ကြိမ်ဖိုးများကိုလည်း ပေးစေ . . . ။ ပွဲရေတိုင်စိုက်သသူတို့ ထုံးစံရှိသည့်အတိုင်း တော်လျော်အောင် ပေးစေ . . . ။ စီရင်သသူ ရှေ့နေစာရေးတို့မှာလည်း ထုံးစံရှိသည့်အတိုင်း ပေးစေ . . . ။
 

 ရေလားစီရင်ထုံး
သက္ကရာဇ် ၁၁၅၅ - ခု တန်ခူးလဆန်း ၆ - ရက်နေ့တွင် အိမ်ရှေ့ရုံးတော်က စာရေးကြီးမောင်နှင်းရှေ့ ကောက်ယူစီရင်ချက် ချုပ်နှုတ်ချက် အချုပ် ၂ - ချုပ်ကို ရေးတင်သည့်အတိုင်း ၄င်းနေ့အမှုတွင် နှစ်ဦးကို ကြပ်မခေါ်ယူ၍ ရေငုပ်မြဲမြစ်ဆိပ်သို့ ရောက်လျှင် စာမတတ်သူ အနောက်အတွင်းငယ်သား ငမြတ်ရာကို မှတ်စာဆွဲမြဲဆွဲစေ၍ ၂ - ပြင်ပွဲနတ်ရကာ ပသခင်းကျင်းစေပြီးလျှင် လျှင်ရေကာ အဝတ်လဲစေသည်။ (ငမြတ်ရာ - နောင် ဗလစ်နော်ရထာဘွဲ့ရသည်)
နှုတ်လျှာအာခံတွင်း အဝတ်အစားတန်ဆာတို့ကို ကြည့်ရှုသန့်စင်စေပြီးမှ ဆေးဝါးပယောဂ၊ စတိပညာ၊ ဂါထာမန္တန်၊ ထိုးကွင်းလက်ဖွဲ့၊ ခါးလှဲ့အင်းအိုင်၊ ကျွန်တော် ကျွန်တော်မ တို့ကို မစ၍ ကျွန်တော် ကျွန်တော်မ တို့ဖက်က ပါသူလူတစု ယခု ရေငုပ်မည့်အမှုကြောင့် လက်မထောက် ငဖြေပေးမြဲ ပေးစေ၍ ဆွဲကိုင် ကျိန်ဆိုစေပြီးလျှင် အချုပ်အဓိဋ္ဌာန် စာကို ၃ - ကြိမ် ၃ - တန် ဖတ်နာ၍ လည်တွင် ခွေစွပ်သည်။
အညာတိုင် မှတ်စာကျသူ ငအောင်သာ။ နံ ၃ င်္ဂါ အသက် ၃၂ သူကို ကြိုးကိုင် အနောက်အတွင်း ငယ်သား 


နှစ်ဖက် အလယ်အကြားတွင် အနောက်အတွင်း ငယ်သားငမြတ်ရာကို နှိပ်ဝါးနှင့် ၂ - ဦး ၂ - ဖက်ကို အညီအညွတ် မျက်နှာဆိုင်ပြိုင်စေပြီးလျှင် တပြိုင်နက်နှိပ်၍ ငုပ်ကြသည်တွင် လက်မထောက်ငဖြေကို နာရီခွက်ကို ငြိမ်သက်စွာတည်ထား စောင့်နေစေသည်။
အောင့်နာရီ ၂ အောင့်တွင် အကြေတိုင် ငုပ်သူ မိတုတ်ရေကပေါ်သည်။ ခြားနားသိသာမှ အညာရေငုပ်သူ ငအောင်သာကို ကြိုးကိုင်ငအောင်စည် ဆွဲဖော်တင်စေည်။
ရေငုပ်ရာကြင်မစီရင်သူ မြောက်တောင်မှူး သီဟကျော်သူ။ မြို့စာရေးဒေဝသူရကျော်ထင်၊ အိမ်ရှေ့တော်စာရေးကြီး ရာဇသဝန်၊ ၄င်းမောင်နှင်း၊ ငအောင်သာ ရှေ့နေ နန္ဒကျော်သူ။ မိတုတ်ရှေ့နေ အသည်စာရေး။
 

အတည် . . . ၃၀ (မတည်ငွေ)
မြို့စာရေးခြေကြွ . . . ၅ိ
ဓိဋ္ဌာန်ရေး . . . ၁ိ - ၅ူး
အချုပ်ရေး . . . ၅ူး
လုင် . . . ၅ူး
တိုင်စိုက် . . . ၂ိ- ၅ူး
ဝါးနှိပ်
. . . ၂ိ - ၅ူး
ဆိပ် . . . ၂ိ - ၅ူး
နာရီ . . . ၂ိ- ၅ူး
ကျမ်းတိုက် . . . ၂ိ- ၅ူး
………………………………………………..
စုစု . . . ၅၀ိ
 

ဤ၌ ရေလားခြင်းဟူသော ကမ္ဘာလား တခုကိုသာ ပြဆိုရသေးသည်။ အလျဉ်းသင့်သော မီး၊ ခဲ၊ ဆန်တည်းဟူသော ကမ္ဘာလားများကိုလည်း ပြဆိုရပေဦးမည်။
“မီး၊ ရေ၊ ခဲ၊ ဆန်၊ အဓိဋ္ဌာန်ဖြင့်။ လေးတန်ကမ္ဘာ၊ ဆုံးဖြတ်ရာလည်း၊ ယထာဘူတ၊ မဟုတ်လှတည့်။” (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၃၀၆) ဟူ၍ မာန်လည်ဆရာတော်ဘုရားကြီးက ကမ္ဘာလားနှင့် ပတ်သက်၍ ယထာဘူတမဟုတ်လှကြောင်း မိန့်ဆိုပါသည်။ ပြင်းထန်သော စစ်ဆေးနည်းများကြောင့် ပြည်သူပြည်သားတို့တွင် အမှုအခင်းလျော့နည်းသွားလေမည်လောဟု ထင်တွေးဘွယ်ရှိကြောင်း ရေးသားအပ်သတည်း။ ။


 မြဝတီ မဂ္ဂဇင်း၊ မတ်လ၊ ၁၉၆၃၊ စာ ၁၀၇ - ၁၁၀
စုဆောင်းသူ - ဦးအောင်သန်းထွန်း၏ ပုဂ္ဂလိက စုဆောင်းမှု

ထိန်းသိမ်းသူ - ငမိုးရိပ် လူမှုသုတေသနအဖွဲ့ (NgaMoeYeik Social Research Society)
ကူညီစာစီသူ - သန့်ထက်ဇော်