ယနေ့အမြင်နှင့်ကြည့်သော် ခေတ်မမှီရုံမက တရားမျှတမှု ရှိမှရှိပါအံလောဟုပင် သံသယဖြစ်ဖွယ် ရှိနေသော ကမ္ဘာလား (၄) ရပ်အကြောင်းကို ရေးရခြင်း၏ အကြောင်းသော်က ....
သုတေသီတို့အတွက် တခါတခါ လိုချင်ခါမှ ရှာမရသော ဒုက္ခမျိုးနှင့် တိုးမိနေတတ်သည်။ ထိုဒုက္ခ ထိုအခက်အခဲကို မိမိအနေနှင့် တဖက်တလမ်းက စွမ်းအားရှိသမျှ မိမိထောက်မီသမျှ ဖြေရှင်းထားခဲ့ ချင်သောအကြောင်းလည်း တကြောင်းဖြစ်သည်။
ကမ္ဘာလား အကြောင်းကို မာတိကာ(၄) ခုထား၍ ရေးရပေမည်။
(၁) ကမ္ဘာလားဝေါဟာရ၏ အနက်အဓိပ္ပါယ်။
(၂) ကမ္ဘာလားအမျိုးမျိုး။
(၃) ကမ္ဘာလားခြင်း၏အရင်းခံအကြောင်း။
(၄)မြန်မာမင်းများ အထူးအားဖြင့် ဘိုးတော်ဘုရားလက်ထက်က ကမ္ဘာလားစီရင်ထုံးတခု။
ဤသို့ မာတိကာ(၄) မျိုးထား၍ရေးသော် ဖတ်ရှုသူတို့ ရှေးရိုးစဉ်လာ ကမ္ဘာလားအကြောင်း ရှင်းလင်းစွာသိနိုင် ကြပေလိမ့်မည်။
(၁) ကမ္ဘာလား ဟူသော မြန်မာဝေါဟာရနှင့် သဒ္ဒါနက်အားဖြင့်တူမျှသော(ဥဒါဟရုဏ်ဆိုရသော် တပ္ပဝတိ ကဲ့သို့သော) ပါဠိ, သက္ကတ စာပေများတွင် မတွေ့ရပေ။ သို့သော် ကမ္ဘာလားနှင့် အဓိပ္ပါယ်တူမျှသော စကားလုံးကိုကား သက္ကတစာပေများတွင် ရှာဖွေတွေ့ရှိနိုင်လေသည်။ သက္ကတဘာသာ၌ ကမ္ဘာလားကို ဒိဗျ ဟုခေါ်သည်။ ဒိဗျ ဆိုသည်မှာ (ဒိဝိတဝံဒိဗျံ) နတ်လောက နတ်ကမ္ဘာ၌ဖြစ်သောအရာ နတ်အဆုံးအဖြတ် ဟု ဆိုလိုသည်။ လူ့လောက၌ အခိုင်မာ အထောက်အထား သက်သေ သာဓက မရနိုင်တော့သည့်အဆုံး နတ်သက်သေများကို ရှာရတော့သည်ဟု ဆိုလိုသည်။
လူသားသက်သေမရသော်လည်း သဘာဝသက်သေ (၁၄) မျိုးရှိကြောင်း မဟာဘာတရ အာဒိပဗ္ပ သမ္ဘဝဝဂ် ဂါထာ နံပါတ် (၃၀) တွင်ဆိုသည်။
(၁) နေ (၈) နှလုံးသား
(၂) လ (၉) ယမရာဇ်
(၃) လေ (၁၀) နေ
(၄) မီး (၁၁) ညဥ့်
(၅) မိုး (၁၂) နေ့ဆည်းဈာ
(၆) မြေ (၁၃) ညဥ့်ဆည်းဈာ
(၇) ရေ (၁၄) ဓမ္မ (တရား)
သဘာဝသက်သေများသည်ပင် ကမ္ဘာဖြစ်သောကြောင့် ကမ္ဘာလားသည် ဟူသော မြန်မာတို့ဝေါဟာရလည်း နှစ်သက်ဖွယ်ပင် ဖြစ်သည်။ ကမ္ဘာလား ကို အင်္ဂလိပ်ဘာသာ၌ ORDEAI ခေါ်သည်။
(၂) ကမ္ဘာလား အမျိုးမျိုးရှိသည်၊ ဒိဗျတတွမည်သောကျမ်းတွင်
(၁) ချိန်ခွင် (၅) သန်လျက်အိမ်
(၂) မီး (၆) ဆန်
(၃) ရေ (၇) ပဲစေ့ပူ
(၄) အဆိပ် (၈) သစ်သီး
(၉) ဓမ္မ ဟူ၍ ကိုးမျိုးပြားသော ကမ္ဘာလားခြင်းများကို ဗြဟပ္ပတိဆရာ အကျယ်တဝင့် ရေးသားထားရှိ၏။ သို့သော်လည်း ဤနေရာတွင် မြန်မာတို့၏ ကမ္ဘာလား အကြောင်းကို ရေးရဦးမည်ဖြစ်၍ ထိုဟိန္ဒူကမ္ဘာလားများ အကြောင်းကို ချန်လှပ်ရတော့မည်။
(၃) ကမ္ဘာလားခြင်း၏အရင်းခံအကြောင်းကို ရှာဖွေလျှင် မျက်မြင်သက်သေမရခြင်းပင် ဖြစ်သည်။
ဝိဝါဒေ၊ တရားအငြင်းအခုံဖြစ်လတ်သော်။
ပတ္တံ၊ စာချုပ်ပေတဲ - စာရွက်စာတမ်းကို ၊ အန္ဓိဿတေ၊ ရှာအပ်၏၊ တဒဘာဝေပိ၊ ထိုစာချုပ်ပေတဲ မရှိသော်လည်း။ သတ္ဓိနော၊ သက်သေတို့ကို။ အန္ဓဿန္တေ ရှာအပ်ကုန်၏။
သက္ခုာဘာဝါ၊ သက်သေမရှိခြင်းဟူသော။ တတော၊ ထိုအကြောင်းကြောင့်။ မနီသိနော၊ ပညာရှိတို့သည်။ ဒိဗျံ၊ ကမ္ဘာလား (ရမည်ဟူသော အကြောင်း)ကို ။ ပဝဒန္တိ၊ မိန့်မှာတော် မူကြကုန်၏။
(ပဉ္စတန္တ၊ ၁- မိတ္တတေဒ၊ ၄၃၆ ဂါထာ)
ဤသို့ ဆရာတို့မိန့်မှာချက်လည်း ရှိသည်။ ထိုမှတပါး ဝါရိရူမင်းလက်ထက်၊ တလိုင်းတို့ဘာသာ (မွန်ဘာသာ) ကမ္ဘာ (၄) ရပ် စကားတို့ ဟံသာဝတီဆင်ဖြူများရှင်လက်ထက် ဗုဒ္ဓဃောသအသျှင်မြတ် မြန်မာပြန်ဆိုထားရင်း ကမ္ဘာလားပါဌ်နိဿယ၌လည်း အသက္ခိကရဏ = သက်သေမရသောအမှုတွင် ရေလား စသော ကမ္ဘာလား ပြရမည့်အကြောင်း အကျယ်ပြမှာခဲ့သည်။
စုန်းရေချ။ ပကတိရေချ- ဟူ၍ ရေချနှစ်မျိုးရှိသည်အနက် ပကတိရေချနှင့်ပတ်သက်၍ မွန်ဘာသာမှ မြန်မာပြန်သော ကမ္ဘာလားအကြောင်း၌ အောက်ပါအတိုင်းရေးခဲ့သည် . . . . .
ရေကန်၌၄င်း, မြောင်း၌၄င်း မြစ်၌၄င်း ဝါးကို (၇) တောင်စီဖြတ်၍ (၂) ခုသော ပန်းသုန်းတိုင်တို့ကို ရင်နှင့်မျှသော ရေနှိုက်၎င်း၊ လည်နှင့်မျှသော ရေနှိုက်၎င်း စိုက်၍ နှိပ်ဝါးကို ပန်းသုန်းတိုင်၌ ချည်၍ ထားစေရာ၏။
အမှုသည် နှစ်ယောက်တို့ ဆောင်ရာသော ပန်းကား ဆပ်သွား၊ သပြေ၊ နေဇာ၊ ကုက္ကို၊ ဒန်း၊ သီး၊ မုရားကြီးစသော ပန်းတို့တည်း။ ထိုပန်းတို့ကို ရေချမ်းအိုး၌စိုက်၍ ကြက်တခုစီ။ ပွဲခင်းနှီးခေါက်ဖျာ။ ရေလဲပုဆိုး (၆) တောင်။ မုံ့ဖြူ (၇)။ ခေါင်း မြီးစုံငါး(၇)။ လက်ဖက်အုပ်၊ ကွမ်းအုပ်။ အုန်းပွဲ။ ငှက်ပျောပွဲ။ ဖက်ခွက် (၇)။ ။ ထိုဆိုအပ်သော အခမ်းအနားစု ရေသို့ရောက်သော် သမ္ပာဒေဝနတ်တို့ ပူဇော်စေရာ၏။
အမှုသည်တို့သည် ဆန် ပန်း ပေါက်ပေါက်ဖြင့် လက်ကို မြှောက်စေ၍ ရေကို ရှေးရှုနေစေရာ၏။ ရေလဲပုဆိုးကို ဝတ်စေရာ၏။ ခါး၌ (၇) တောင်သော ကြိုးကို ဘွဲ့ချည်၍ နေစေရာ၏။
ပုန်စာ(ဘုဉ္စာ) တခက်ကို မြတ်စွာဘုရားအား ပူဇော်စေရာ၏။ ပုန်စာတခွက်ကို ရေသို့ချရာ၏။ ကြွင်းသောပုန်စာ (၄) ခွက်ကို အရပ်လေးမျက်နှာတို့၌ ပူဇော်စေရာ၏။
ဤသို့သော အခြင်းအရာကို ပြုပြီးသော် အချုပ်ဓိဋ္ဌာန်စာကို လည်၌ စွပ်၍နေစေရာ၏။ ထမင်းမုံ့ ငါးစုံစေရာ၏။ အချုပ်ဓိဋ္ဌာန်စာကို (၃) ခါ ဖတ်ပြီးလျှင် လည်၌စွပ်၍ ရေသို့ ဆင်းရာ၏။
အမှုသည်တို့သည် မိမိပန်းသုန်းတိုင်ကို လက်ဖြင့်ကိုင်၍ နေစေရာ၏။ နှိပ်ဝါးကို ပုခုံးထက်၌ထား၍ ကုန်းပေါ်၌ တရားသူကြီးတို့သည် ထိုင်နေ၍ “နှိပ်တော” သုံးခါဆိုသော အဆုံး၌ စေသူတို့သည် နှိပ်ဝါးကို အလယ်၌ ကိုင်၍ နှိပ်ကုန်ရာ၏။
ထိုအမှုသည် နှစ်ယောက်တို့တွင် ရှေးဦးစွာပေါ်သူကို ရှုံးစေရာ၏။ နောက်ပေါ်သူကို အောင်စေရာ၏။ ပေါ်ခြင်း (၄) မျိုးရှိသည်။
(၁) ဆံပေါ်ခြင်း
(၂) နဖူးပေါ်ခြင်း
(၃) မျက်စိပေါ်ခြင်း
(၄) နှာခေါင်းပေါ်ခြင်း
(၁) တယောက်သည် ဆံပေါ်၏၊ တယောက်သည် နဖူးပေါ်၏။ နဖူးပေါ်သူ ရှုံးစေ . . .
(၂) တယောက်သည် နဖူးပေါ်၏၊၊ တယောက်သည် မျက်စိပေါ်၏။ မျက်စိပေါ်သူ ရှုံးစေ . . .
(၃) တယောက်သည် မျက်စိပေါ်၏ ၊ တယောက်သည် နှာခေါင်းပေါ်၏။ နှာခေါင်းပေါ်သူ ရှုံးစေ . . .
အမှုသည်(၂)ဦးအညီငုပ်နိုင်သော်လည်း မှုးမှိုင်တွေဝေသော်လည်းကောင်း၊ ရေမွန်းသော်လည်းကောင်း၊ သွေးအန်သော်လည်းကောင်း၊ မိမိပန်းသုန်းတိုင် လက်လွတ်သော် လည်းကောင်း အင်္ဂါတပါးပါး ချွတ်ယွင်းသူ ရှုံးစေ . . . ဆုံးဖြတ်ရာ၏။
ရဟန်းတို့ဆိုထုံး ကျမ်းသစ္စာ၊ ရေ၊ ဆန်၊ မအပ်သော မင်းညီ မင်းသား ရဟန်း ပုဏ္ဏားတို့မှာ ရဟန်းတော် ကမ္မဝါစာကို ထမ်းစေ၍ “ငါဆောင်သော ကမ္မဝါဝိနည်း သိက္ခာသည် အလျှင်းမရ၊ သာသနာတော်မှ ရွေ့လျော၍ သင်္ဃဘေဒကကံ ထိုက်သော အဝီစိငရဲနှိုက် တကမ္ဘာပတ်လုံး မဆုံးမချင်းရသည် ဖြစ်စေသောဝ်” ဟု ပန္နက်ပြီးမှ မှန်ရာဆိုစေ၏။
ပုဏ္ဏားတို့ထုံး
ပုဏ္ဏားတို့မှာ မဟာပိန္နဲနတ်ရုပ်ကို ပုခုံးတွင် ထမ်း၍ “ပုဏ္ဏားတို့ဘာသာ စောင့်ရှောက်အပ်သော ကျင့်ဝတ်အကျိုးတို့သည် အလျှင်းမရသည်ဖြစ်၍ မာတုဃာတကကံ၊ ပိတုဃာတကကံထိုက်သော အဝီစိငရဲနှိုက် တကမ္ဘာပတ်လုံး အဆုံးမချင်း ခံရသည်ဖြစ်စေသောဝ်” ဟု ပန္နက်ပြီးမှ မှန်ရာကို ဆိုစေရာ၏။ ။ မနုရှင်ရသေ့ ဆိုတော်မူ၏။
ရေလားဓိဋ္ဌာန်စာ
ရေလားဓိဋ္ဌာန်စာကား . . . အကျွန်ုပ်သည် မဟုတ်မမှန်ဆိုပချေသော် . . . လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ မိဒ္ဓ၊ အဟီရိက၊ အနောတ္တပ္ပတည်းဟူသော အကုသိုလ် (၁၀) ပါးတရားတို့သည် ကောင်းသောတိုက်တွန်းခြင်းဖြင့် တိုက်တွန်းသည်ဖြစ်၍ သာသနာတော် ငါးထောင်ပတ်လုံး မဆုံးမချင်း ရုပ်တုတော်၊ ပုထိုးတော်၊ စေတီတော်၊ မွေတော်၊ ဓာတ်တော်အပေါင်းတို့ကို စောင့်ရှောက်တော်မူကုန်သော နတ်မြတ်၊ ဓမ္မက္ခန္ဓာ အပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင်ကို စောင့်သော နတ်မြတ်၊ မဟာနဂရသောဋ္ဌသနှင့် နိဂမဇနပဒ ထိုမှများစွာ အရွာရွာနှင့် မဟာသမုဒ္ဒရာအသီးသီးမြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ သီဒါ(၇)တန်၊ သတ္တရတန်တောင်စဉ်(၇) ထပ်၊ (၄) ချက်ဗဟို မြင်းမိုထိပ်ချာ၊ ဟိမဝန္တာမကြွင်း အိုင်မင်းတောတောင်၊ ကုန်အောင်အစင် စောင့်ထကျင်သည် ပည်းဖြင်ဒေဝ ရုက္ခဘုမ္မာ အာကာသစိုး တန်ခိုးကြီးမြတ် သူရဿတီ စဏ္ဍီပရမီသွာ မဟာပိန္နဲ (ဂေါပေန္ဒရ) မဏိမေခလာ မဟာဝဿဝရော(ဝေဿဝဏာ) တာနော(ဒါနော)ယက္ခ စသည် နတ်မြတ်၊ ရွှေမြို့တော် ရွှေနန်းတော် ထီးဖြူတော် ထီးချက်တော်စောင့်သော နတ်မြတ် ယခုငုပ်အပ်သော ရေနှိုက်နေသည့်(၁၀) ကုဋေ အပေါင်းမိကျောင်း လပိုင် ကြီးခိုင်ခွန်အား နဂါးမြွေကြီး ဆီး၍ဟပ်မျို ထိုထိုအများ လိပ် ငါးမကန်း ငမန်းငဆင် အလျင်တဆော သောသောလည်းအုံ စားတုံလုယက် သွေးသားပျက်၍ အသက်ခန္ဓာ ခုမကြာလျှင် ငါလည်း မနေဖြစ်သော . . . ကျွန်ုပ်ဆိုသည်စကား ဟုတ်မှန်သည်ဖြစ်လျှင် ဒါန သီလ ဘာဝနာ အပစာယန ဝေယျာဝစ္စ ပတ္တိဒါန ပတ္တာန္ဒ မောဒန ဓမ္မဿဝန ဒိဋ္ဌိဇုကမ္မတု ဆိုအပ်သော (၁၀) ပါးသော တရားတို့သည် ကောင်းသောတိုက်တွန်းခြင်းဖြင့် တိုက်တွန်းသည်ဖြစ်၍ ဤသို့ဆိုခဲ့ပြီးသော နတ်ရဲ ဘီလူးရဲသည် ရင်၌သားကဲ့သို့ သနားကြည့်ရှု စောင်မသည်ဖြစ်၍ ယခု ငုပ်အပ်သော ရေနှိုက် ဘေးရန်အပေါင်းတို့သည် ဝေးစွာ ကြဉ်ဖဲကုန်သည်ဖြစ်၍ မမွန်းမသီး သာယာစွာ ငုပ်နိုင်သည် ဖြစ်စေသော။
( ၃ ကြိမ် ၃ ခေါက် ဖတ်လေ)
ရေလားအစီရင်
ရေလားအစီရင်ကား . . .ပုခုံးနစ်ရုံ ရေနှိုက် ဝါးတတားခြားတိုင်ကို မြဲစွာစိုက်ပြီးလျှင် ထိုတိုင်တွင် ပိုင်းတန်းချည်စေ၍ တိုင်ခြားတွင်လည်း ပရိတ်ချည် ပရိတ်ပန်း ချည်စေ . . . ရေငုပ်အံ့သောသူတို့ကို ပွတ်နတ်ရကာ ပရိတ်အိုး ပရိတ်ပန်း ကြက်တကောင်ဆောင်စေ . . .
ရေနားသို့ရောက်လျှင် ပွဲနတ်ရကာ ခင်းကျင်းပသပြီးမှ ဓိဋ္ဌာန်စာဖတ်၍ လည်တွင်ခွေပြီးမှစွပ်၊ သေချာအောင်ကြိုးနှင့် ရစ်ပြီးလျှင် ရေငုပ်အံ့သော သူ၏ဥက္ခောင်းနှိုက် ပရိတ်ပန်း ပရိတ်ချည် ပန်စေပြီးလျှင် ရတနာသုံးပါး နတ်မြတ်တို့အား ပူဇော်၍ တယောက်တတိုင်စီ တိုင်သို့သက်စေပြီးမှ ခါးတွင် ကြိုးချည်၍ ကြိုးကို ရေငုပ်သာအောင် လျော့လျော့ တိုင်ကချည်၍ထား ရေငုပ်အံ့သော သူနှစ်ယောက်၏ ပုခုံးကို ဝါးတင်၍ အလယ်တွင်ကိုင်လျက် တပြိုင်နက် ငုပ်ကြတော့ဆို ဝါးကို နှိပ်ရမည်။
ကုန်းကလည်း နာရီစောင့်သောသူသည် ရေငုန်တည့်လျှင်နားနှစ်ဖက်ပိတ်၍ အောင့်နေစေ. . . ထိုသူ မအောင့်နိုင်လျှင် ရေငုပ်သောသူတို့ကို ဖော်ယူစေ . . . အလျင်ပေါ်လျှင် မပေါ်သူကို ဖော်ယူစေ . . . ။
တိုင်စိုက်၊ ဝါးနှိပ်၊ ကြိုးဖို့း၊ ကြိမ်ဖိုးများကိုလည်း ပေးစေ . . . ။ ပွဲရေတိုင်စိုက်သသူတို့ ထုံးစံရှိသည့်အတိုင်း တော်လျော်အောင် ပေးစေ . . . ။ စီရင်သသူ ရှေ့နေစာရေးတို့မှာလည်း ထုံးစံရှိသည့်အတိုင်း ပေးစေ . . . ။
ရေလားစီရင်ထုံး
သက္ကရာဇ် ၁၁၅၅ - ခု တန်ခူးလဆန်း ၆ - ရက်နေ့တွင် အိမ်ရှေ့ရုံးတော်က စာရေးကြီးမောင်နှင်းရှေ့ ကောက်ယူစီရင်ချက် ချုပ်နှုတ်ချက် အချုပ် ၂ - ချုပ်ကို ရေးတင်သည့်အတိုင်း ၄င်းနေ့အမှုတွင် နှစ်ဦးကို ကြပ်မခေါ်ယူ၍ ရေငုပ်မြဲမြစ်ဆိပ်သို့ ရောက်လျှင် စာမတတ်သူ အနောက်အတွင်းငယ်သား ငမြတ်ရာကို မှတ်စာဆွဲမြဲဆွဲစေ၍ ၂ - ပြင်ပွဲနတ်ရကာ ပသခင်းကျင်းစေပြီးလျှင် လျှင်ရေကာ အဝတ်လဲစေသည်။ (ငမြတ်ရာ - နောင် ဗလစ်နော်ရထာဘွဲ့ရသည်)
နှုတ်လျှာအာခံတွင်း အဝတ်အစားတန်ဆာတို့ကို ကြည့်ရှုသန့်စင်စေပြီးမှ ဆေးဝါးပယောဂ၊ စတိပညာ၊ ဂါထာမန္တန်၊ ထိုးကွင်းလက်ဖွဲ့၊ ခါးလှဲ့အင်းအိုင်၊ ကျွန်တော် ကျွန်တော်မ တို့ကို မစ၍ ကျွန်တော် ကျွန်တော်မ တို့ဖက်က ပါသူလူတစု ယခု ရေငုပ်မည့်အမှုကြောင့် လက်မထောက် ငဖြေပေးမြဲ ပေးစေ၍ ဆွဲကိုင် ကျိန်ဆိုစေပြီးလျှင် အချုပ်အဓိဋ္ဌာန် စာကို ၃ - ကြိမ် ၃ - တန် ဖတ်နာ၍ လည်တွင် ခွေစွပ်သည်။
အညာတိုင် မှတ်စာကျသူ ငအောင်သာ။ နံ ၃ င်္ဂါ အသက် ၃၂ သူကို ကြိုးကိုင် အနောက်အတွင်း ငယ်သား
နှစ်ဖက် အလယ်အကြားတွင် အနောက်အတွင်း ငယ်သားငမြတ်ရာကို နှိပ်ဝါးနှင့် ၂ - ဦး ၂ - ဖက်ကို အညီအညွတ် မျက်နှာဆိုင်ပြိုင်စေပြီးလျှင် တပြိုင်နက်နှိပ်၍ ငုပ်ကြသည်တွင် လက်မထောက်ငဖြေကို နာရီခွက်ကို ငြိမ်သက်စွာတည်ထား စောင့်နေစေသည်။
အောင့်နာရီ ၂ အောင့်တွင် အကြေတိုင် ငုပ်သူ မိတုတ်ရေကပေါ်သည်။ ခြားနားသိသာမှ အညာရေငုပ်သူ ငအောင်သာကို ကြိုးကိုင်ငအောင်စည် ဆွဲဖော်တင်စေည်။
ရေငုပ်ရာကြင်မစီရင်သူ မြောက်တောင်မှူး သီဟကျော်သူ။ မြို့စာရေးဒေဝသူရကျော်ထင်၊ အိမ်ရှေ့တော်စာရေးကြီး ရာဇသဝန်၊ ၄င်းမောင်နှင်း၊ ငအောင်သာ ရှေ့နေ နန္ဒကျော်သူ။ မိတုတ်ရှေ့နေ အသည်စာရေး။
အတည် . . . ၃၀ (မတည်ငွေ)
မြို့စာရေးခြေကြွ . . . ၅ိ
ဓိဋ္ဌာန်ရေး . . . ၁ိ - ၅ူး
အချုပ်ရေး . . . ၅ူး
လုင် . . . ၅ူး
တိုင်စိုက် . . . ၂ိ- ၅ူး
ဝါးနှိပ်
. . . ၂ိ - ၅ူး
ဆိပ် . . . ၂ိ - ၅ူး
နာရီ . . . ၂ိ- ၅ူး
ကျမ်းတိုက် . . . ၂ိ- ၅ူး
………………………………………………..
စုစု . . . ၅၀ိ
ဤ၌ ရေလားခြင်းဟူသော ကမ္ဘာလား တခုကိုသာ ပြဆိုရသေးသည်။ အလျဉ်းသင့်သော မီး၊ ခဲ၊ ဆန်တည်းဟူသော ကမ္ဘာလားများကိုလည်း ပြဆိုရပေဦးမည်။
“မီး၊ ရေ၊ ခဲ၊ ဆန်၊ အဓိဋ္ဌာန်ဖြင့်။ လေးတန်ကမ္ဘာ၊ ဆုံးဖြတ်ရာလည်း၊ ယထာဘူတ၊ မဟုတ်လှတည့်။” (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၃၀၆) ဟူ၍ မာန်လည်ဆရာတော်ဘုရားကြီးက ကမ္ဘာလားနှင့် ပတ်သက်၍ ယထာဘူတမဟုတ်လှကြောင်း မိန့်ဆိုပါသည်။ ပြင်းထန်သော စစ်ဆေးနည်းများကြောင့် ပြည်သူပြည်သားတို့တွင် အမှုအခင်းလျော့နည်းသွားလေမည်လောဟု ထင်တွေးဘွယ်ရှိကြောင်း ရေးသားအပ်သတည်း။ ။
မြဝတီ မဂ္ဂဇင်း၊ မတ်လ၊ ၁၉၆၃၊ စာ ၁၀၇ - ၁၁၀
စုဆောင်းသူ - ဦးအောင်သန်းထွန်း၏ ပုဂ္ဂလိက စုဆောင်းမှု
ထိန်းသိမ်းသူ - ငမိုးရိပ် လူမှုသုတေသနအဖွဲ့ (NgaMoeYeik Social Research Society)
ကူညီစာစီသူ - သန့်ထက်ဇော်
No comments:
Post a Comment