မြန်မာ့ရိုးရာငွေကြေးစနစ်တွင် ကုန်ချင်းဖလှယ်မှုစနစ်နှင့်
ရောင်းရာဝယ်ရာတွင် အရောင်းခံ အဝယ်ခံ ပစ္စည်းတို့ဖြင့် လဲလှယ်သော ဒင်္ဂါးစနစ်ဟူ၍ နှစ်မျိုးရှိကြောင်း
လေ့လာသိရှိရသည်။
သမိုင်းသုတေသီတို့၏
အဆိုအရ မြန်မာ့ရိုးရာငွေကြေးစနစ်တွင် ဒင်္ဂါးစနစ်သုံးစွဲမှုကို လွန်ခဲ့သော နှစ်ပေါင်း
(၂၀၀၀)ကျော်က စတင်ခဲ့သည်ဟု မှတ်သားရ၏။ တွေ့ရှိရသမျှ ဒင်္ဂါတို့တွင် ရှေးအကျဆုံး မြန်မာဒင်္ဂါးများက
ပျူခေတ်၌ သုံးစွဲခဲ့သည့် ဟန်လင်းဒင်္ဂါးဖြစ်သည်ဟု အဆိုပြုခဲ့ကြ၏။ ဟန်လင်းဒင်္ဂါးကို ကိုးမြို့ဒင်္ဂါးဟူ၍လည်း
တနည်းခေါ်ကြသည်။
ယင်းဒင်္ဂါးများတွင်
ကျပ်သုံး၊ ငါးမူးသုံး၊ မတ်သုံး၊ မူးသုံးဟူ၍ ခွဲခြားထားခဲ့သည်။ ဟန်လင်းဒင်္ဂါးများ ပြုလုပ်
သုံးစွဲပြီးနောက် ရခိုင်ဒင်္ဂါးများ ပေါ်လာသည်။ ရခိုင်ဒင်္ဂါးများကို သက္ကရာဇ် ၁၄၅၀ခုနှစ်တွင်
ရခိုင်ဘုရင် ဘစောဖြူမင်း လက်ထက်၌ အိန္ဒိယနိုင်ငံ၏ ဒင်္ဂါများကို အတုယူ လုပ်ကိုင် သုံးစွဲခဲ့သည်။
ရခိုင်ဒင်္ဂါးများတွင် ရခိုင်မင်း၏ နန်းတက်ခုနှစ်၊ ဘွဲ့အမည်များကို အဓိက ဖော်ပြခဲ့ကြသည်။
ယင်းဒင်္ဂါများ ပေါ်ပေါက်ပြီးနောက် ဟံသာဝတီ နေပြည်တော်မှာလည်း
ဟင်္သာရုပ်အမှတ်တံဆိပ်ဖြင့် သွန်းလုပ်သည့် မွန်ဒဂ်ါးများကိုလည်း ထုတ်ဝေအသုံးပြုခဲ့ကြပြန်သည်။။
ထို့ကြောင့် မြန်မာ့ရိုးရာငွေကြေးစနစ်၏ အစသည် ဒင်္ဂါးကဟူ၍ ဆိုသင့်ပေသည်။ ဒင်္ဂါးဟူသော ဝေါဟာရသည်
ပါဠိပျက်ဝေါဟာရပင်ဖြစ်၏။ ‘ဋင်္က’ ဟူသော ပါဠိစကားမှ
ဆင်းသက်လာ၏။ အဓိပ္ပာယ်မှာ ‘အမှတ်တံဆိပ်’
ဟူ၍ ဖြစ်သည်။
မြန်မာ့ရိုးရာ
ငွေကြေးစနစ်သည် ဒင်္ဂါးစနစ်ကို အခြေခံ စတင်လာသည်ဟု ဆိုရမည်ဖြစ်သော်လည်း သမိုင်းအဆက်ဆက်တွင်
ဒင်္ဂါးကို အစဉ်မပြတ် အသုံးပြုမှု မရှိခဲ့ပေ။ ဒင်္ဂါးစနစ် ဒင်္ဂါးသုံးစွဲမှု စနစ်သည် ပုဂံခေတ်၊
ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်များတွင် တိမ်မြုပ်ပျောက်ကွယ် နေခဲ့ပေသည်။
ပုဂံခေတ်တွင်
ဒင်္ဂါးကို ငွေကြေးအဖြစ် အသုံးမပြုခဲ့ပေ။
ပုဂံခေတ်ရေးထိုးခဲ့သော ကျောက်စားများအရ ကုန်ချင်းဖလှယ်မှုစနစ်ကိုသာ
သုံးခဲ့ကြောင်းသိရသည်။ မြေကိုကျွန်နှင့် လဲလှယ်သည်။ ဆင်၊ မြင် လှေ စသည်တို့ဖြင့် အလဲအလှယ်
ပြုခဲ့ကြသည်။ ယင်းစနစ်အပြင် သတ္တု အမျိုးမျိုးကိုအလေးချိန်ဖြင့် ချိန်တွယ် သတ်မှတ်၍
ငွေကြေးသဖွယ် ရောင်းဝယ်မှု စနစ်မျိုးကိုလည်း ကျင့်သုံးခဲ့သည်။
ပုဂံခေတ်တွင်
ငွေကို ကျပ်နှင့် ချိန်တွယ်သည်။ ခွက်ဟုခေါ်သောကြေးကို ပိဿလိုက်ချိန်တွယ်၍ သုံးသည်။ ပိဿာနှင့်
ကျပ်၏ အကြားတွင် ‘မိုဟ်’ ဟူသော အချိန်အတွယ်ထားရှိသည်။
၎ မတ်ကို ၁ကျပ်၊ ကျပ် ၁၀၀လျှင် ၁ပိဿာ၊ ၁၀ကျပ် ၁မိုဟ်၊ ၁၀မိုဟ် ၁ ပိဿာဟူ၍ သုံးစွဲခဲ့ဟန်တူသည်။
ပုဂံခေတ်တွင် ရွှေသား၊ ငွေသားဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့သောကြောင့် ငွေကို ချိန်တွယ်၍ သုံးသကဲ့သို့
ရွှေကိုလည်း ချိန်တွယ်သုံးစွဲမည်ဟု သုတေသီတို့ယူဆထားကြသည်။
ပုဂံခေတ်တွင်
တွင်တွင်ကျယ်ကျယ် အသုံးပြုသော ငွေတုံးကို ဖြတ်ကာချိန်၍ သုံးစွဲသည့် ငွေကြေးစနစ်ကို
ပုဂံခေတ်နောက်ပိုင်း ခေတ်အသီးသီး၌ ဆက်လတ်သုံးစွဲခဲ့ဟန်တူသည်။ နောက်ပိုင်းခေတ်များတွင်
ငွေစင်ငွေကောင်း တို့ကို ကြေးနီဖြင့်ရောနှော၍ အသုံးပြုခဲ့ကြသည်။ ယင်းသို့ ငွေနှင့်
ကြေးနီ ရောနှောသုံးမှုကို အခြေခံ၍ တစ်မူးကဲ၊ နှစ်မူးကဲ၊ ငါးမတ်ကဲ၊ တဆယ်ကဲ၊ နှစ်ဆယ်ကဲ၊
အဝက်ကဲ၊ အစိတ်ကဲငွေဟူ၍ အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ ငွေစင်တပိဿာတွင် ကြေးနီ
ဆယ့်နှစ်ကျပ်နှစ်မတ်သွင်းသည်ကို အဝက်ကဲ ခေါ်သည်။
ညောင်ရမ်းခေတ်တွင် ဒင်္ဂါးစနစ်းသုံးစွဲမှု ပြန်လည်ရှင်သန်းလာသည်။
သို့သော် ဒင်္ဂါးသုံးစွဲမှုစနစ် ရှိသည်ဟူ၍သာ မှတ်သားသိရှိရသော်လည်း ဒင်္ဂါး၏ အသွင်သဏ္ဍာန်
အသုံးပြုမှုတို့ကို အထင်အရှားထုတ်ဖော်နိုင်ခြင်းမရှိသေးပေ။ ဒင်္ဂါးစနစ်တွင်ကျယ်စွာ အသုံးပြုသော
ခေတ်ကား ကုန်းဘောင်ခေတ်ဖြစ်သည်။ ဒင်္ဂါးစနစ်ကို ပြုစုပျိုးထောင်ပေးခဲ့သူကား ဘိုးတော်မင်းဖြစ်သည်။
ဘိုးတော်ဘုရားသည် ဗြိတိသျှ အရှေ့ အိန္ဒိယ ကုမ္မဏီ၏ ကိုယ်စားလှယ်ဖြစ်သော ‘ကပ္ပတိန်ကော့’ ယူဆောင်ခဲ့သည့်ဒင်္ဂါးကို မြင်တွေ့ရသောအခါ
နှစ်သက် သဘောကျ၍ ကလကတ္တားမြို့၌ မြန်မာဒင်္ဂါးများ စတင်သွန်းလုပ်စေသည်။ ယင်းနောက် မြန်မာနိုင်ငံသို့ယူဆောင်စေကာ
အသုံးပြုစေ၏။
နောက်ပိုင်းတွင် အမရပူရ နေပြည်တော်၌ ဒင်္ဂါးသွန်းစက်
ဆောက်လုပ်စေကာ ဒင်္ဂါများ သွန်းလုပ် အသုံးပြုခဲ့သည်။ ယင်းဒင်္ဂါးသွန်းစက်ကို အင်္ဂလန်နိုင်ငံမှ
မှာယူကာ ၁၇၈၁ခုနှစ်တွင် စတင်သွန်းလုပ်ခဲ့သည်။ ဒင်္ဂါးသွန်းလုပ်ရာတွင် ငွေဒင်္ဂါး၊ ကြေဒင်္ဂါးဟူ၍
ခွဲခြားသည်။ တကျပ်သုံး၊ ငါးမူးသုံး၊ တမတ်သုံး၊ တမူးသုံးဟူ၍ ထုတ်ဝေသည်။ ဒင်္ဂါးအမျိုးအစားကိုလည်း
မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးဟူ၍ ၄မျိုးထားရှိသည်။ ဘိုးတော်ဘုရားနောက်ဆက်လက်စိုးစံသော
ကုန်းဘောင်မင်းဆက်အသီးသီးတို့သည် ဒင်္ဂါးစနစ်ကိုပင် ဆက်လက်အသုံးပြုခဲ့သည်။
ဒင်္ဂါးသုံးစွဲမှုစနစ် တိုးတက်မှု၊ ဖွံ့ဖြိုးမှု
အရှိဆုံးအချိန်ကား မင်းတုန်းမင်း လက်ထက်ပင်ဖြစ်သည်။ မင်းတုန်းမင်း လက်ထက်၌ သက္ကရာဇ်
၁၈၇၅ခုနှစ်တွင် ငွေဒင်္ဂါး သွန်လုပ်ရန် အမိန်တော်ထုတ်ပြန်ခဲ့သည်။ ယင်းအမိန်တော်နှင့်
အညီ ရတနာပုံနေပြည်တော် ရွှေနန်းတော်သစ်တပ်အတွင်း အရှေ့မြောက်ထောင့်၌ ဒင်္ဂါးစက်ရုံးကို
တည်ဆောက်သည်။ မြန်မာသက္ကရာဇ် ၁၂၂၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ရက် (အင်္ဂလိပ်သက္ကရာဇ်
၁၈၇၅ခုနှစ်)တွင် ဒင်္ဂါးစက်ရုံတော်ဖွင့် အခမ်းအနားပြုလုပ်ကာ ဒင်္ဂါးများ စတင် သွန်းလုပ်
ထုတ်ဝေခဲ့သည်။
ရတနာပုံနေပြည်တော် ဒင်္ဂါးစက်ရုံးမှ ထုတ်ဝေသော
ငွေဒင်္ဂါးများတွင် ကျပ်သုံး၊ ငါးမူးသုံး၊ တမတ်သုံး၊ တမူးသုံး၊ တပဲသုံးဟူ၍ ရှိသည်။ ငွေဒင်္ဂါးများအပြင်
ကြေးနီဒင်္ဂါး၊ သံဒင်္ဂါး၊ ခဲဒင်္ဂါးများကိုလည်း တပြားသုံးဒင်္ဂါးများအဖြစ် ထုတ်ဝေ၏။ မင်းတုန်းမင်း
လက်ထက်တွင် ရွှေဒင်္ဂါးများကိုလည် ထုတ်ဝေသုံးစွဲစေခဲ့၏။
သီပေါမင်းလက်ထက်တွင် ကြေးနီဒင်္ဂါးကို ထုတ်ဝေခဲ့သည်။
ကြေးနီဒင်္ဂါးသည် တပြားသုံးဒင်္ဂါးဖြစ်သည်။ ၁၈၈၅ခုနှစ်တွင် မြန်မာတပြည်လုံး နယ်ချဲ့လက်အောက်ကျရောက်သွားသောအခါတွင်
မြန်မာ့ဒင်္ဂါးစက်ရုံ၏ လည်ပတ်မှု အရှိန်အဟုန်သည် ရပ်တန့်သွားခဲ့သည်။ မြန်မာ့ရိုးရာငွေကြေးစနစ်
အသုံးပြုမှုသည်လည်း ပျောက်ကွယ် ဆိတ်သုဉ်းခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာ့ရိုးရာ ငွေကြေးစနစ်နှင့်
အသုံးပြုမှုသည် သမိုင်းဝင်နေခဲ့၏။ သမိုင်း အထင်အရှားရှိ၏။
မြန်မာ့ရိုးရားငွေကြေးစနစ်ကို ပြောလျှင် ဒင်္ဂါးစနစ်သည်
အရေးပါသကဲ့သို့ ငွေတုံးငွေခဲတို့ကို ခုတ်ဖြတ်ချိန်တွယ်၍ ရောင်းဝယ်သောစနစ်၊ ကုန်ချင်းဖလှယ်သောစနစ်တို့ကို
ချန်လှပ်၍ မရပေ။ ထို့ကြောင့် မြန်မာ့ရိုးရာ ငွေကြေးစနစ်အကြောင်းကို လေ့လာမိသမျှ ထုတ်ဖော်တင်ပြရခြင်း
ဖြစ်ပါသည်။
စီးပွားရေးတက္ကသိုလ်
မဂ္ဂဇင်း (၁၉၇၅-၇၆) စာ ၂၉ -၃၀။
No comments:
Post a Comment