အသက်တရာမနေရ၊ အမှုတရာ တွေ့ရ ဟူသကဲ့သို့ လူ့လောက တလျှောက်တွင်
လောဘဖိစီးမှု၊ ဒေါသကြီးမှု၊ မောဟဖုံးလွှမ်းမှု များကြောင့် ဖြစ်ပွားရသောအကျိုးဆက်များမှာ
နောက်ဆုံးတွင် အာဏာပိုင်အစိုးရတို့၏ စီမံခန့်ခွဲမှု ဘောင်အတွင်းဝင်ရောက်သွားရသည်။ ဤအခါ
တရားမျှတမှု၊ ညီညွတ်မှု၊ သမာသမတ်မှုများ ရရှိရန် တိကျခိုင်လုံသော တရားဥပဒေများ ပေါ်လာရသည်။
ဤအမှုကို ကျူးလွန်လျှင် ဤသို့ခံရလိမ့်မည်၊ ဤကိစ္စများပေါ်လာလျှင် ဤသို့စီရင်မည် စသဖြင့်
တီထွင်ကြံဆလာကြသည်။ မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်များမှ ထုတ်နုတ်ကိုးကားလျက်
မနု၊ မနော၊ အတိတျာ၊ အာဒေါသမုခ၊ ဓမ္မဝိလာသ၊ မနုသိက စသော ဓမ္မသတ်များ၊ ယင်းတို့ကို ချုပ်၍
မနုဿရွှေမျည်းဓမ္မသတ် ဟု ပေါ်ပေါက်လာသည်။ ယဉ်ကျေးမှုတိုးပွားလေ တရားစီရင်မှုထုံးများ လျော်ကန်လေ
ဖြစ်ရပေမည်။
ကုန်ဘောင်ခေတ်ဦးတွင် ဓမ္မသတ်၊ ရာဇသတ် အစောင်စောင်ပေါ်ထွက်လာလျက်
ထိုအတိုင်း အကိုးအကား ပြည့်စုံစွာဖြင့် တရားစီရင် ဆုံးဖြတ်ကြသည်။ သို့သော် သက်သေအထင်အရှား
မပြနိုင်သောအမှုများတွင် ကမ္ဘာလေးရပ် ဟူသော ရေလား၊ ဆန်ဝါး၊ မီးပြိုင်၊ ခဲထောက်ခြင်းများ
တခုခု ပြုလုပ်ကြရသည်။ ဤသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ရှုံးနိမ့်သူများက ကျေနပ်စွာလက်ခံကြကြောင်း
တွေ့ရှိရသည်။ စိတ်ဝင်စားစရာကောင်းသော ရေလားစေသည့်အမှုတစ်ခုမှာ ငစည့်ကူးစား လက်ထက် သက္ကရာဇ်
၁၁၃၉ ခု၊ ကဆုန်လပြည့်ကျော် ၁၅ ရက်နေ့ ဝန်ရှင်တော် သတိုးနန္ဒမိတ်သင်္ကြန်၏ ကောက်ချက်စီရင်ထုံးဖြစ်ပါသည်။
အမှုမှာ ရွှေယင်မျှော် ဘုရားရှင်ကျွန်းသီးတော်အကြီး၊ မုံတောင်ကျော်တင်ဘွဲ့ခံ
ကျိုင်းမောင်က ရွှေတောင် သူရကျော်စွာ ဘွဲ့ခံ ငကောင်းပြည့်အား မင်းကျွန်မဟုတ်၊ ဘုရားကျွန်သာဖြစ်ကြောင်း
စွဲဆိုခြင်း ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် မည်သည့်မြို့၊ ကျေးရွာမဆို နေထိုင်သူများကို
အစုသုံးစုခွဲနိုင်သည်။ ပထမအစုမှာ မင်းကျွန်
သို့မဟုတ် မင်းမှုထမ်းများ ဖြစ်ကြသည်။ မင်းမှုထမ်းဟူရာတွင် မူးကြီး မတ်ကြီးမှ အစ အကြီးအကဲခေါင်း
အစုအဝန်းနှင့် နေထိုင်ကြသော တပ်ဖွဲ့အသီးသီးရှိ ငယ်သားများအထိပါဝင်သည်။ ဒုတိအစုမှာ ဘုရားကျွန်များ
ဖြစ်သည်။ သူတို့မှာ ရှေးမင်းများက မိမိတို့တည်ထားကိုးကွယ်သောဘုရားများအား ဝေယျဝစ္စဆောင်ရွက်ရန်
မြေနှင့်တကွ လှူဒါန်းထားခဲ့ကြရာ မှ ပေါက်ပွားလာသည့် အဆက်အနွယ်များ ဖြစ်သည်။ တတိယအစုမှာ
မင်းမှုထမ်းလည်း မဟုတ် ဘုရားကျွန်လည်း မဟုတ်သော လူလွတ်အသည်များ ဖြစ်ကြသည်။ သူတို့မှာ
လယ်လုပ်ခြင်း၊ အရောင်းအဝယ် အသွားအလာဖြင့် အသက်မွေးသူများ ဖြစ်ကြသည်။ ဤသို့ စွဲဆိုရာတွင်
ရှေးဦးစွာ ရွှေယင်မျှော်ဘုရားကျွန်သီးတော် အကြီးမုံတောင်ကျော်ထင်က အစစ်ခံထွက်ဆိုသည်မှာ
-
ရွှေတော်သူရကျော်စွာခံ ငကောင်းပြည်တို့ဘေးမ-မိဝက်၊ ဘွားမ-မိစံသာ၊
အမိ-မိနုတို့သည် ရွှေယင်မျှော် ဘုရားရှင်ကို ရှေးမင်း ဧကရာဇ်တို့ လှူတော်မူသည့် ကျွန်းသီးတော်တို့
အမျိုး အဆက် အသား မှန်သည်။
တဖန် ဤစွဲချက်ကို ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်က ရွှေနားတော်ကြား
ရှိခိုး သံတော်ဦး တင်ရာတွင် -
ကျွန်တော် ဘေးမ မိဝက်၊ ဘွားမ မိစံသာ၊ အမိ - မိနုတို့သည် ရွှေယင်မျှော်ဘုရားကို
ရှေးမင်းဧကရာဇ်ာတို့ လှူတော်မူသည့် ကျွန်းသီးတော်တို့ အမျိုးအဆက်မဟုတ်၊ နောက်မြင်းစု
သားမယား မှန်သည်။
ထိုအခါ ဝန်ရှင်တော် သတိုးနန္ဒမိတ်သင်္ကြန်က ရွှေယင်မျှော်ဘုရားရှင်
ကျွန်သီးတော်တို့နှင့် ငကောင်းပြည့်တို့ မင်းကျွန်ဖြစ်သည်။ ဘုရားကျွန်ဖြစ်သည် ဆိုကြသည့်အမှုမှာ
အဆိုစကားနှစ်ရပ်နှင့် ငကောင်းပြည့် ဘေး၊ ဘိုး၊ အနွယ်အဆက်၊ အစည်ရှည်ထုပ်ချုပ်ချက်နှင့်
ရေငုပ်စေရမည် -
ထုတ်ပြန်တော်မူသည့် အချုပ်အတိုင်းအချုပ်ကို နာခံ၍ နှစ်ဦးဓိဋ္ဌာန်ချုပ်နှင့်
ယခုရေးလာကြစေ။
ဟူ၍ ထုတ်ပြန်ကာ အထက်ပါအစစ်ခံချက်များအရ အချုပ်အဓိဋ္ဌာန်စာရေးသား
ပေးအပ်ပြီးလျှင် ကြပ်မတ်ကြည့်ရှုသူများနှင့်တကွ ရေငုပ်ရန်အစီအစဉ်များကို အောက်ပါအတိုင်း
ပြုလုပ်ကြသည်။
သက္ကရာဇာ် ၁၁၃၉ ခု၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် မြို့စာရေး
စည်သူကျော်တင်၊ လက်မထောက် လက်ယာကျော်ထင်၊ ရွှေပြည်စိုး ဇေတရာဇ်၊ ရွှေတောင်သူရကျော်စွာ၏
ရှေ့နေရင်း - လက်ယာသီရိနော်ရထာ၊ အမိန့်တော်ရ နန္ဒရော်တာ၊ မုံတောင်ကျော်တင်တို့ရှေ့နေ
- ရုံးအမိန့်တော်ရ ဇေဝသူ၊ တရားရုံးအရာရှိ အစုံအညီတို့နှင့် တရားစာရေး ကြပ်မကြည့်ရှုစေ၍
ငုပ်မြဲရေဆိပ်တွင် ရွှေယင်မျှော် ဘုရားကျွန်သီးတောင် မုံတောင်ကျော်တင်တို့က ရေငုပ်စေသူ
ငကျား နံ -၆၊ အသက် ၃၅။ ကြိုးကိုင် - နောက် မြင်းငယ်သား - ငရ၊ ရွှေတောင်သူရကျော်စွာက
ရေငုတ်စေသူ - ငရှည်၊ နံ- ၄၊ အသက်- ၄၅။ ကြိုးကိုင်-နောက် အတွင်းသား ငမြတ်သာဦး၊ အောင့်နာရီမှာ
- လက်မထောက်- လက်ယာကျော်တင်ကို ငြိမ်သက်စွာ တည်ထားစွဲကိုင်စေသည်။
ရေငုပ်ရာတွင် ရှေးထုံးစံ ရှိသည့်အတိုင်း ပွဲနတ်ရကာ ပသခင်းကျင်းစေပြီးလျှင်
ရေငုပ်သူများအား ရေခံအဝတ်လဲစေ၍ နှုတ်လျှာ အာခံတွင်း အဝတ်တန်ဆာ ဦးဆံစသည်တို့ကို ကြည့်ရှုသန့်ရှင်းစေရသည်။
အချုပ်အဓိဋ္ဌာန် စာကို သုံးကြိမ်ဖတ်ကြားနာခံစေလျက် ဦးခေါင်းပေါ် ယင်းအဓိဋ္ဌာန်စာခွေ စွတ်စေကာ
သစ္စာတော်ကျမ်းစွဲထမ်း . . . ငကျားက အနောက်တိုင်၊
ငရှည်က အရှေ့တိုင် စွဲကိုင်ပြီး မြောက်မြင်းစုသား ငသာထွေးက နှစ်ဖက်စပ်ကြားဝါးကို ကိုင်၍
တပြိုင်နက် တချက်တည်း ငုပ်ကြလေသည်။ အောင့်နာရီ ငါးစုတွင် သုံးစုအကျန် ရွှေယင်မျှော်ဘုရား
ကျွန်သီးတော်အကြီး မုံတောင်ကျော်တင်တို့က ရေငုပ်စေသူ ငကျား မငုပ်မနေနိုင် ရေမှ ပေါ်လာသည်။
ရွှေတောင်သူရကျော်စွာက ရေငုပ်စေသူ ငရှည်မှာ ငြိမ်သက်စွာ ပကတိ ငုပ်နိုင်ရုံမက ရေမှ ပေါ်လျှင်
ကုန်းသုံးကုန်း ခုန်နိုင်လျက် ပကတိသွားနိုင်သည်။
အထက်ပါ အကြောင်းများကြောင့် ရွှေယင်မျှော်ဘုရားကျွန်သီးတော်အကြီး
မုံတောင်ကျော်တင်ရှုံးသဖြင့် အောက်ပါအတိုင်း အမိန့်ချမှတ်သည်။
ယခုဆိုသည်မှာ မင်းကျွန်ကို ဘုရားကျွန်ဖြစ်သည် စွဲဆိုရုံမျှသာမဟုတ်၊
ရွှေယင်မျှော်ဘုရားရှင်ကို ရှေးမင်းဧကရာဇ်တို့ လှူတော်မူသည့် ကျွန်သီးတော်ကို အမျိုးအဆက်သားမှန်သည်
စွဲဆိုချက်ထောက်လျှင် ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်မှာ အမျိုးခုနစ်ဆက် ယုတ်နွမ်းအောင်
အစွဲအဆို ခံရသူဖြစ်သည်။ နှုတ်ကျူး နှုတ်လွန်သာ မဟုတ်ချေ။ တရား ရာဇသတ်ကြောင်းနှင့်အညီ
အချုပ်ဝင်သားမြေးတွင် မသေကျန်လူတို့ကို စာရင်းတင်၍ တင်သည့်စာရင်းတွင် မိန်းမ ယောက်ျားမသေ
ကျန်လူတို့နှင့် ရေငုပ်အချုပ်ဝင် ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်သို့ မိန်းမတကိုယ်ငွေ
၂၅ ကျပ်၊ ယောက်ျားတကိုယ် ၃၅ ကျပ်၊ ဘွဲ့အမည်ရ အသနားခံသူရသူတို့မှာ တကိုယ် ၇၀ ကျပ်ကျ၊
ပေါင်း အစုစုတွင် တွက်စုကျအတိုင်း ရွှေယင်မျှော်ဘုရားကျွန်သီးတော်အကြီး မုံတောင်ကျော်တင်တို့က
လျော်ပေးစေ၊ တရားကျနရန် မှန်သမျှကို ဘုရား ကျွန်သီးတော် အကြီးတို့က အလုံးကျခံ ပြန်ပေးစေ
- မစီရင်သာ။ စရိတ်ပြန်လွတ်စေ၊ အောင်လက်ဖက်ကို ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်က ဆက်စေ။
အထက်ပါ စီရင်ချက်ဖြတ်ထုံးကို လေ့လာပါလျှင် အမျိုး အရိုး အဆက်အနွယ်
ရင်းမြစ်ထွက်ဆိုရာတွင် ရှေးထုံးနှင့် ကွဲလွဲကြောင်း တွေ့နိုင်သည်။ ရှေးထုံးတန်းစဉ်လာမှာ
ယောက်ျားဖြစ်ပါက အဖဖက် အဆက်အနွယ်၊ မိန်းမဖြစ်လျှင် အမိဖက်အဆက်အနွယ် မျိုးရိုးဖက်လိုက်ရရိုးဖြစ်ပါလျက်
ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်၏ အမျိုးအဆက် ထွက်ဆိုချက်မှာ အမိဖက်အမျိုးကိုသာ ကိုးကားထွက်ဆိုသဖြင့်
တမူထူးခြားနေသည်။ ထို့ပြင် ရှေးမင်းများသည် ဘုရားနှင့် ပတ်သက်သောဘုရားကျွန်၊ ဘုရားမြေ
စသည်တို့ ပိုင်ဆိုင်မှုများအတွက် ဘုရင်နှင့် တရားတွေ့ကြလျှင် ဘုရင်က လျှောပေးရမြဲ ဖြစ်သည်။
ယခုအမှုတွင် ဘုရားကျွန်ဖြစ်သည်၊ မင်းကျွန်ဖြစ်သည်ဟူသော စွဲချက် အရှုပ်အရှင်းမှာ တရားသူကြီးက
ရှင်းလင်းအောင် မစွမ်းဆောင်နိုင်ရကား ရေငုပ်ပြိုင်စေ အမိန့်ချသည်။ ဘုရားဖက်သို့ အနိုင်မပေး၊
မှန်ရာဖြစ်ရမည်ဟု သဘောထားပုံရသည်။ မှတ်တမ်းစီရင်ထုံးအများအပြားတွင် တရားလို တရားခံကိုယ်တိုင်
ရေငုပ်ကြရသည်။ ယခု အမှုမှာ ဆန်းကြယ်သည်။ ထို့ပြင် အမှုဖွင့်ပုံသည် နှုတ်ကျူး နှုတ်လွန်သာမက
အမျိုးခုနစ်ဆက် ယုတ်နွမ်းအောင် စွပ်စွဲခံရခြင်း ဖြစ်သည်ဟု ယူဆရာ ရာဇသတ်ကြောင်းအရ မသေကျန်သည့်
ဆွေသားစုတို့အား လျော်ကြေးပေးရန် ပြဋ္ဌာန်းသည်ကား ဘုရားကျွန်မဟုတ်ကြောင်း ခိုင်လုံသောကြောင့်
ကျွန်ဖိုးပေးရခြင်းဖြစ်သည်။ ပုဂံခေတ်တွင် ကျွန်ဖိုး ပျမ်းမျှ ၃၀ ကျပ်ဖြစ်ရာ ကုန်းဘောင်ခေတ်ဦးဤစီရင်ထုံးနှင့်
နှိုင်းယှဉ်လျှင် မကွာခြားလှပေ။ သို့ရာတွင် မင်းပေးဘွဲ့ရသူများကား တန်ဖိုးနှစ်ဆ အလျော်ပေးရခြင်းမှာ
မှတ်သားဖွယ်ကောင်းပါသည်။
လုပ်သားပြည်သူ့နေ့စဉ် ?၊ ၂၆-၃-၁၉၆၂ ?၊ စာ - ။
စုဆောင်သူ - ဦးအောင်သန်းထွန်း၏ ပုဂ္ဂလိက စုဆောင်မှု
ထိန်းသိမ်းသူ - ငမိုးရိပ် လူမှုသုတေသနအဖွဲ့ (NgaMoeYeik
Social Research Society)
No comments:
Post a Comment