Search This Blog
Friday, January 27, 2017
မြန်မာ့ရိုးရာ ငွေကြေးစနစ် <> လှမြင့် (ရန်ကုန်တက္ကသိုလ်)
မြန်မာ့ရိုးရာငွေကြေးစနစ်တွင် ကုန်ချင်းဖလှယ်မှုစနစ်နှင့် ရောင်းရာဝယ်ရာတွင် အရောင်းခံ အဝယ်ခံ ပစ္စည်းတို့ဖြင့် လဲလှယ်သော ဒင်္ဂါးစနစ်ဟူ၍ နှစ်မျိုးရှိကြောင်း လေ့လာသိရှိရသည်။
သမိုင်းသုတေသီတို့၏ အဆိုအရ မြန်မာ့ရိုးရာငွေကြေးစနစ်တွင် ဒင်္ဂါးစနစ်သုံးစွဲမှုကို လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကျော်က စတင်ခဲ့သည်ဟု မှတ်သားရ၏။ တွေ့ရှိရသမျှ ဒင်္ဂါတို့တွင် ရှေးအကျဆုံး မြန်မာဒင်္ဂါးများက ပျူခေတ်၌ သုံးစွဲခဲ့သည့် ဟန်လင်းဒင်္ဂါးဖြစ်သည်ဟု အဆိုပြုခဲ့ကြ၏။ ဟန်လင်းဒင်္ဂါးကို ကိုးမြို့ဒင်္ဂါးဟူ၍လည်း တနည်းခေါ်ကြသည်။
ယင်းဒင်္ဂါးများတွင် ကျပ်သုံး၊ ငါးမူးသုံး၊ မတ်သုံး၊ မူးသုံးဟူ၍ ခွဲခြားထားခဲ့သည်။ ဟန်လင်းဒင်္ဂါးများ ပြုလုပ် သုံးစွဲပြီးနောက် ရခိုင်ဒင်္ဂါးများ ပေါ်လာသည်။ ရခိုင်ဒင်္ဂါးများကို သက္ကရာဇ် ၁၄၅၀ခုနှစ်တွင် ရခိုင်ဘုရင် ဘစောဖြူမင်း လက်ထက်၌ အိန္ဒိယနိုင်ငံ၏ ဒင်္ဂါများကို အတုယူ လုပ်ကိုင် သုံးစွဲခဲ့သည်။ ရခိုင်ဒင်္ဂါးများတွင် ရခိုင်မင်း၏ နန်းတက်ခုနှစ်၊ ဘွဲ့အမည်များကို အဓိက ဖော်ပြခဲ့ကြသည်။
ယင်းဒင်္ဂါများ ပေါ်ပေါက်ပြီးနောက် ဟံသာဝတီ နေပြည်တော်မှာလည်း ဟင်္သာရုပ်အမှတ်တံဆိပ်ဖြင့် သွန်းလုပ်သည့် မွန်ဒဂ်ါးများကိုလည်း ထုတ်ဝေအသုံးပြုခဲ့ကြပြန်သည်။။ ထို့ကြောင့် မြန်မာ့ရိုးရာငွေကြေးစနစ်၏ အစသည် ဒင်္ဂါးကဟူ၍ ဆိုသင့်ပေသည်။ ဒင်္ဂါးဟူသော ဝေါဟာရသည် ပါဠိပျက်ဝေါဟာရပင်ဖြစ်၏။ ‘ဋင်္က ဟူသော ပါဠိစကားမှ ဆင်းသက်လာ၏။ အဓိပ္ပာယ်မှာ ‘အမှတ်တံဆိပ် ဟူ၍ ဖြစ်သည်။
မြန်မာ့ရိုးရာ ငွေကြေးစနစ်သည် ဒင်္ဂါးစနစ်ကို အခြေခံ စတင်လာသည်ဟု ဆိုရမည်ဖြစ်သော်လည်း သမိုင်းအဆက်ဆက်တွင် ဒင်္ဂါးကို အစဉ်မပြတ် အသုံးပြုမှု မရှိခဲ့ပေ။ ဒင်္ဂါးစနစ် ဒင်္ဂါးသုံးစွဲမှု စနစ်သည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်များတွင် တိမ်မြုပ်ပျောက်ကွယ် နေခဲ့ပေသည်။
ပုဂံခေတ်တွင် ဒင်္ဂါးကို ငွေကြေးအဖြစ် အသုံးမပြုခဲ့ပေ။
ပုဂံခေတ်ရေးထိုးခဲ့သော ကျောက်စားများအရ ကုန်ချင်းဖလှယ်မှုစနစ်ကိုသာ သုံးခဲ့ကြောင်းသိရသည်။ မြေကိုကျွန်နှင့် လဲလှယ်သည်။ ဆင်၊ မြင် လှေ စသည်တို့ဖြင့် အလဲအလှယ် ပြုခဲ့ကြသည်။ ယင်းစနစ်အပြင် သတ္တု အမျိုးမျိုးကိုအလေးချိန်ဖြင့် ချိန်တွယ် သတ်မှတ်၍ ငွေကြေးသဖွယ် ရောင်းဝယ်မှု စနစ်မျိုးကိုလည်း ကျင့်သုံးခဲ့သည်။
ပုဂံခေတ်တွင် ငွေကို ကျပ်နှင့် ချိန်တွယ်သည်။ ခွက်ဟုခေါ်သောကြေးကို ပိဿလိုက်ချိန်တွယ်၍ သုံးသည်။ ပိဿာနှင့် ကျပ်၏ အကြားတွင် ‘မိုဟ် ဟူသော အချိန်အတွယ်ထားရှိသည်။ ၄ မတ်ကို ၁ကျပ်၊ ကျပ် ၁၀၀လျှင် ၁ပိဿာ၊ ၁၀ကျပ် ၁မိုဟ်၊ ၁၀မိုဟ် ၁ ပိဿာဟူ၍ သုံးစွဲခဲ့ဟန်တူသည်။ ပုဂံခေတ်တွင် ရွှေသား၊ ငွေသားဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့သောကြောင့် ငွေကို ချိန်တွယ်၍ သုံးသကဲ့သို့ ရွှေကိုလည်း ချိန်တွယ်သုံးစွဲမည်ဟု သုတေသီတို့ယူဆထားကြသည်။
ပုဂံခေတ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုသော ငွေတုံးကို ဖြတ်ကာချိန်၍ သုံးစွဲသည့် ငွေကြေးစနစ်ကို ပုဂံခေတ်နောက်ပိုင်း ခေတ်အသီးသီး၌ ဆက်လတ်သုံးစွဲခဲ့ဟန်တူသည်။ နောက်ပိုင်းခေတ်များတွင် ငွေစင်ငွေကောင်း တို့ကို ကြေးနီဖြင့်ရောနှော၍ အသုံးပြုခဲ့ကြသည်။ ယင်းသို့ ငွေနှင့် ကြေးနီ ရောနှောသုံးမှုကို အခြေခံ၍ တစ်မူးကဲ၊ နှစ်မူးကဲ၊ ငါးမတ်ကဲ၊ တဆယ်ကဲ၊ နှစ်ဆယ်ကဲ၊ အဝက်ကဲ၊ အစိတ်ကဲငွေဟူ၍ အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ ငွေစင်တပိဿာတွင် ကြေးနီ ဆယ့်နှစ်ကျပ်နှစ်မတ်သွင်းသည်ကို အဝက်ကဲ ခေါ်သည်။
ညောင်ရမ်းခေတ်တွင် ဒင်္ဂါးစနစ်းသုံးစွဲမှု ပြန်လည်ရှင်သန်းလာသည်။ သို့သော် ဒင်္ဂါးသုံးစွဲမှုစနစ် ရှိသည်ဟူ၍သာ မှတ်သားသိရှိရသော်လည်း ဒင်္ဂါး၏ အသွင်သဏ္ဍာန် အသုံးပြုမှုတို့ကို အထင်အရှားထုတ်ဖော်နိုင်ခြင်းမရှိသေးပေ။ ဒင်္ဂါးစနစ်တွင်ကျယ်စွာ အသုံးပြုသော ခေတ်ကား ကုန်းဘောင်ခေတ်ဖြစ်သည်။ ဒင်္ဂါးစနစ်ကို ပြုစုပျိုးထောင်ပေးခဲ့သူကား ဘိုးတော်မင်းဖြစ်သည်။ ဘိုးတော်ဘုရားသည် ဗြိတိသျှ အရှေ့ အိန္ဒိယ ကုမ္မဏီ၏ ကိုယ်စားလှယ်ဖြစ်သော ‘ကပ္ပတိန်ကော့ ယူဆောင်ခဲ့သည့်ဒင်္ဂါးကို မြင်တွေ့ရသောအခါ နှစ်သက် သဘောကျ၍ ကလကတ္တားမြို့၌ မြန်မာဒင်္ဂါးများ စတင်သွန်းလုပ်စေသည်။ ယင်းနောက် မြန်မာနိုင်ငံသို့ယူဆောင်စေကာ အသုံးပြုစေ၏။
နောက်ပိုင်းတွင် အမရပူရ နေပြည်တော်၌ ဒင်္ဂါးသွန်းစက် ဆောက်လုပ်စေကာ ဒင်္ဂါများ သွန်းလုပ် အသုံးပြုခဲ့သည်။ ယင်းဒင်္ဂါးသွန်းစက်ကို အင်္ဂလန်နိုင်ငံမှ မှာယူကာ ၁၇၈၁ခုနှစ်တွင် စတင်သွန်းလုပ်ခဲ့သည်။ ဒင်္ဂါးသွန်းလုပ်ရာတွင် ငွေဒင်္ဂါး၊ ကြေဒင်္ဂါးဟူ၍ ခွဲခြားသည်။ တကျပ်သုံး၊ ငါးမူးသုံး၊ တမတ်သုံး၊ တမူးသုံးဟူ၍ ထုတ်ဝေသည်။ ဒင်္ဂါးအမျိုးအစားကိုလည်း မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးဟူ၍ ၄မျိုးထားရှိသည်။ ဘိုးတော်ဘုရားနောက်ဆက်လက်စိုးစံသော ကုန်းဘောင်မင်းဆက်အသီးသီးတို့သည် ဒင်္ဂါးစနစ်ကိုပင် ဆက်လက်အသုံးပြုခဲ့သည်။
ဒင်္ဂါးသုံးစွဲမှုစနစ် တိုးတက်မှု၊ ဖွံ့ဖြိုးမှု အရှိဆုံးအချိန်ကား မင်းတုန်းမင်း လက်ထက်ပင်ဖြစ်သည်။ မင်းတုန်းမင်း လက်ထက်၌ သက္ကရာဇ် ၁၈၇၅ခုနှစ်တွင် ငွေဒင်္ဂါး သွန်လုပ်ရန် အမိန်တော်ထုတ်ပြန်ခဲ့သည်။ ယင်းအမိန်တော်နှင့် အညီ ရတနာပုံနေပြည်တော် ရွှေနန်းတော်သစ်တပ်အတွင်း အရှေ့မြောက်ထောင့်၌ ဒင်္ဂါးစက်ရုံးကို တည်ဆောက်သည်။ မြန်မာသက္ကရာဇ် ၁၂၂၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၈၇၅ခုနှစ်)တွင် ဒင်္ဂါးစက်ရုံတော်ဖွင့် အခမ်းအနားပြုလုပ်ကာ ဒင်္ဂါးများ စတင် သွန်းလုပ် ထုတ်ဝေခဲ့သည်။
ရတနာပုံနေပြည်တော် ဒင်္ဂါးစက်ရုံးမှ ထုတ်ဝေသော ငွေဒင်္ဂါးများတွင် ကျပ်သုံး၊ ငါးမူးသုံး၊ တမတ်သုံး၊ တမူးသုံး၊ တပဲသုံးဟူ၍ ရှိသည်။ ငွေဒင်္ဂါးများအပြင် ကြေးနီဒင်္ဂါး၊ သံဒင်္ဂါး၊ ခဲဒင်္ဂါးများကိုလည်း တပြားသုံးဒင်္ဂါးများအဖြစ် ထုတ်ဝေ၏။ မင်းတုန်းမင်း လက်ထက်တွင် ရွှေဒင်္ဂါးများကိုလည် ထုတ်ဝေသုံးစွဲစေခဲ့၏။
သီပေါမင်းလက်ထက်တွင် ကြေးနီဒင်္ဂါးကို ထုတ်ဝေခဲ့သည်။ ကြေးနီဒင်္ဂါးသည် တပြားသုံးဒင်္ဂါးဖြစ်သည်။ ၁၈၈၅ခုနှစ်တွင် မြန်မာတပြည်လုံး နယ်ချဲ့လက်အောက်ကျရောက်သွားသောအခါတွင် မြန်မာ့ဒင်္ဂါးစက်ရုံ၏ လည်ပတ်မှု အရှိန်အဟုန်သည် ရပ်တန့်သွားခဲ့သည်။ မြန်မာ့ရိုးရာငွေကြေးစနစ် အသုံးပြုမှုသည်လည်း ပျောက်ကွယ် ဆိတ်သုဉ်းခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာ့ရိုးရာ ငွေကြေးစနစ်နှင့် အသုံးပြုမှုသည် သမိုင်းဝင်နေခဲ့၏။ သမိုင်း အထင်အရှားရှိ၏။
မြန်မာ့ရိုးရားငွေကြေးစနစ်ကို ပြောလျှင် ဒင်္ဂါးစနစ်သည် အရေးပါသကဲ့သို့ ငွေတုံးငွေခဲတို့ကို ခုတ်ဖြတ်ချိန်တွယ်၍ ရောင်းဝယ်သောစနစ်၊ ကုန်ချင်းဖလှယ်သောစနစ်တို့ကို ချန်လှပ်၍ မရပေ။ ထို့ကြောင့် မြန်မာ့ရိုးရာ ငွေကြေးစနစ်အကြောင်းကို လေ့လာမိသမျှ ထုတ်ဖော်တင်ပြရခြင်း ဖြစ်ပါသည်။
စီးပွားရေးတက္ကသိုလ် မဂ္ဂဇင်း (၁၉၇၅-၇၆) စာ ၂၉ -၃၀။
Wednesday, May 20, 2015
ကုန်းဘောင်ခေတ်ဦးတရားစီရင်ထုံး < > ဦးသောင်း - ရေဦး
            အသက်တရာမနေရ၊ အမှုတရာ တွေ့ရ ဟူသကဲ့သို့ လူ့လောက တလျှောက်တွင် လောဘဖိစီးမှု၊ ဒေါသကြီးမှု၊ မောဟဖုံးလွှမ်းမှု များကြောင့် ဖြစ်ပွားရသောအကျိုးဆက်များမှာ နောက်ဆုံးတွင် အာဏာပိုင်အစိုးရတို့၏ စီမံခန့်ခွဲမှု ဘောင်အတွင်းဝင်ရောက်သွားရသည်။ ဤအခါ တရားမျှတမှု၊ ညီညွတ်မှု၊ သမာသမတ်မှုများ ရရှိရန် တိကျခိုင်လုံသော တရားဥပဒေများ ပေါ်လာရသည်။ ဤအမှုကို ကျူးလွန်လျှင် ဤသို့ခံရလိမ့်မည်၊ ဤကိစ္စများပေါ်လာလျှင် ဤသို့စီရင်မည် စသဖြင့် တီထွင်ကြံဆလာကြသည်။ မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်များမှ ထုတ်နုတ်ကိုးကားလျက် မနု၊ မနော၊ အတိတျာ၊ အာဒေါသမုခ၊ ဓမ္မဝိလာသ၊ မနုသိက စသော ဓမ္မသတ်များ၊ ယင်းတို့ကို ချုပ်၍ မနုဿရွှေမျည်းဓမ္မသတ် ဟု ပေါ်ပေါက်လာသည်။ ယဉ်ကျေးမှုတိုးပွားလေ တရားစီရင်မှုထုံးများ လျော်ကန်လေ ဖြစ်ရပေမည်။ 
            ကုန်ဘောင်ခေတ်ဦးတွင် ဓမ္မသတ်၊ ရာဇသတ် အစောင်စောင်ပေါ်ထွက်လာလျက် ထိုအတိုင်း အကိုးအကား ပြည့်စုံစွာဖြင့် တရားစီရင် ဆုံးဖြတ်ကြသည်။ သို့သော် သက်သေအထင်အရှား မပြနိုင်သောအမှုများတွင် ကမ္ဘာလေးရပ် ဟူသော ရေလား၊ ဆန်ဝါး၊ မီးပြိုင်၊ ခဲထောက်ခြင်းများ တခုခု ပြုလုပ်ကြရသည်။ ဤသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ရှုံးနိမ့်သူများက ကျေနပ်စွာလက်ခံကြကြောင်း တွေ့ရှိရသည်။ စိတ်ဝင်စားစရာကောင်းသော ရေလားစေသည့်အမှုတစ်ခုမှာ ငစည့်ကူးစား လက်ထက် သက္ကရာဇ် ၁၁၃၉ ခု၊ ကဆုန်လပြည့်ကျော် ၁၅ ရက်နေ့ ဝန်ရှင်တော် သတိုးနန္ဒမိတ်သင်္ကြန်၏ ကောက်ချက်စီရင်ထုံးဖြစ်ပါသည်။ 
            အမှုမှာ ရွှေယင်မျှော် ဘုရားရှင်ကျွန်းသီးတော်အကြီး၊ မုံတောင်ကျော်တင်ဘွဲ့ခံ ကျိုင်းမောင်က ရွှေတောင် သူရကျော်စွာ ဘွဲ့ခံ ငကောင်းပြည့်အား မင်းကျွန်မဟုတ်၊ ဘုရားကျွန်သာဖြစ်ကြောင်း စွဲဆိုခြင်း ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် မည်သည့်မြို့၊ ကျေးရွာမဆို နေထိုင်သူများကို အစုသုံးစုခွဲနိုင်သည်။  ပထမအစုမှာ မင်းကျွန် သို့မဟုတ် မင်းမှုထမ်းများ ဖြစ်ကြသည်။ မင်းမှုထမ်းဟူရာတွင် မူးကြီး မတ်ကြီးမှ အစ အကြီးအကဲခေါင်း အစုအဝန်းနှင့် နေထိုင်ကြသော တပ်ဖွဲ့အသီးသီးရှိ ငယ်သားများအထိပါဝင်သည်။ ဒုတိအစုမှာ ဘုရားကျွန်များ ဖြစ်သည်။ သူတို့မှာ ရှေးမင်းများက မိမိတို့တည်ထားကိုးကွယ်သောဘုရားများအား ဝေယျဝစ္စဆောင်ရွက်ရန် မြေနှင့်တကွ လှူဒါန်းထားခဲ့ကြရာ မှ ပေါက်ပွားလာသည့် အဆက်အနွယ်များ ဖြစ်သည်။ တတိယအစုမှာ မင်းမှုထမ်းလည်း မဟုတ် ဘုရားကျွန်လည်း မဟုတ်သော လူလွတ်အသည်များ ဖြစ်ကြသည်။ သူတို့မှာ လယ်လုပ်ခြင်း၊ အရောင်းအဝယ် အသွားအလာဖြင့် အသက်မွေးသူများ ဖြစ်ကြသည်။ ဤသို့ စွဲဆိုရာတွင် ရှေးဦးစွာ ရွှေယင်မျှော်ဘုရားကျွန်သီးတော် အကြီးမုံတောင်ကျော်ထင်က အစစ်ခံထွက်ဆိုသည်မှာ - 
            ရွှေတော်သူရကျော်စွာခံ ငကောင်းပြည်တို့ဘေးမ-မိဝက်၊ ဘွားမ-မိစံသာ၊ အမိ-မိနုတို့သည် ရွှေယင်မျှော် ဘုရားရှင်ကို ရှေးမင်း ဧကရာဇ်တို့ လှူတော်မူသည့် ကျွန်းသီးတော်တို့ အမျိုး အဆက် အသား မှန်သည်။
            တဖန် ဤစွဲချက်ကို ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်က ရွှေနားတော်ကြား ရှိခိုး သံတော်ဦး တင်ရာတွင် -
            ကျွန်တော် ဘေးမ မိဝက်၊ ဘွားမ မိစံသာ၊ အမိ - မိနုတို့သည် ရွှေယင်မျှော်ဘုရားကို ရှေးမင်းဧကရာဇ်ာတို့ လှူတော်မူသည့် ကျွန်းသီးတော်တို့ အမျိုးအဆက်မဟုတ်၊ နောက်မြင်းစု သားမယား မှန်သည်။
            ထိုအခါ ဝန်ရှင်တော် သတိုးနန္ဒမိတ်သင်္ကြန်က ရွှေယင်မျှော်ဘုရားရှင် ကျွန်သီးတော်တို့နှင့် ငကောင်းပြည့်တို့ မင်းကျွန်ဖြစ်သည်။ ဘုရားကျွန်ဖြစ်သည် ဆိုကြသည့်အမှုမှာ အဆိုစကားနှစ်ရပ်နှင့် ငကောင်းပြည့် ဘေး၊ ဘိုး၊ အနွယ်အဆက်၊ အစည်ရှည်ထုပ်ချုပ်ချက်နှင့် ရေငုပ်စေရမည် -
            ထုတ်ပြန်တော်မူသည့် အချုပ်အတိုင်းအချုပ်ကို နာခံ၍ နှစ်ဦးဓိဋ္ဌာန်ချုပ်နှင့် ယခုရေးလာကြစေ။
            ဟူ၍ ထုတ်ပြန်ကာ အထက်ပါအစစ်ခံချက်များအရ အချုပ်အဓိဋ္ဌာန်စာရေးသား ပေးအပ်ပြီးလျှင် ကြပ်မတ်ကြည့်ရှုသူများနှင့်တကွ ရေငုပ်ရန်အစီအစဉ်များကို အောက်ပါအတိုင်း ပြုလုပ်ကြသည်။
            သက္ကရာဇာ် ၁၁၃၉ ခု၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် မြို့စာရေး စည်သူကျော်တင်၊ လက်မထောက် လက်ယာကျော်ထင်၊ ရွှေပြည်စိုး ဇေတရာဇ်၊ ရွှေတောင်သူရကျော်စွာ၏ ရှေ့နေရင်း - လက်ယာသီရိနော်ရထာ၊ အမိန့်တော်ရ နန္ဒရော်တာ၊ မုံတောင်ကျော်တင်တို့ရှေ့နေ - ရုံးအမိန့်တော်ရ ဇေဝသူ၊ တရားရုံးအရာရှိ အစုံအညီတို့နှင့် တရားစာရေး ကြပ်မကြည့်ရှုစေ၍ ငုပ်မြဲရေဆိပ်တွင် ရွှေယင်မျှော် ဘုရားကျွန်သီးတောင် မုံတောင်ကျော်တင်တို့က ရေငုပ်စေသူ ငကျား နံ -၆၊ အသက် ၃၅။ ကြိုးကိုင် - နောက် မြင်းငယ်သား - ငရ၊ ရွှေတောင်သူရကျော်စွာက ရေငုတ်စေသူ - ငရှည်၊ နံ- ၄၊ အသက်- ၄၅။ ကြိုးကိုင်-နောက် အတွင်းသား ငမြတ်သာဦး၊ အောင့်နာရီမှာ - လက်မထောက်- လက်ယာကျော်တင်ကို ငြိမ်သက်စွာ တည်ထားစွဲကိုင်စေသည်။ 
            ရေငုပ်ရာတွင် ရှေးထုံးစံ ရှိသည့်အတိုင်း ပွဲနတ်ရကာ ပသခင်းကျင်းစေပြီးလျှင် ရေငုပ်သူများအား ရေခံအဝတ်လဲစေ၍ နှုတ်လျှာ အာခံတွင်း အဝတ်တန်ဆာ ဦးဆံစသည်တို့ကို ကြည့်ရှုသန့်ရှင်းစေရသည်။ အချုပ်အဓိဋ္ဌာန် စာကို သုံးကြိမ်ဖတ်ကြားနာခံစေလျက် ဦးခေါင်းပေါ် ယင်းအဓိဋ္ဌာန်စာခွေ စွတ်စေကာ သစ္စာတော်ကျမ်းစွဲထမ်း  . . . ငကျားက အနောက်တိုင်၊ ငရှည်က အရှေ့တိုင် စွဲကိုင်ပြီး မြောက်မြင်းစုသား ငသာထွေးက နှစ်ဖက်စပ်ကြားဝါးကို ကိုင်၍ တပြိုင်နက် တချက်တည်း ငုပ်ကြလေသည်။ အောင့်နာရီ ငါးစုတွင် သုံးစုအကျန် ရွှေယင်မျှော်ဘုရား ကျွန်သီးတော်အကြီး မုံတောင်ကျော်တင်တို့က ရေငုပ်စေသူ ငကျား မငုပ်မနေနိုင် ရေမှ ပေါ်လာသည်။ ရွှေတောင်သူရကျော်စွာက ရေငုပ်စေသူ ငရှည်မှာ ငြိမ်သက်စွာ ပကတိ ငုပ်နိုင်ရုံမက ရေမှ ပေါ်လျှင် ကုန်းသုံးကုန်း ခုန်နိုင်လျက် ပကတိသွားနိုင်သည်။ 
            အထက်ပါ အကြောင်းများကြောင့် ရွှေယင်မျှော်ဘုရားကျွန်သီးတော်အကြီး မုံတောင်ကျော်တင်ရှုံးသဖြင့် အောက်ပါအတိုင်း အမိန့်ချမှတ်သည်။
            ယခုဆိုသည်မှာ မင်းကျွန်ကို ဘုရားကျွန်ဖြစ်သည် စွဲဆိုရုံမျှသာမဟုတ်၊ ရွှေယင်မျှော်ဘုရားရှင်ကို ရှေးမင်းဧကရာဇ်တို့ လှူတော်မူသည့် ကျွန်သီးတော်ကို အမျိုးအဆက်သားမှန်သည် စွဲဆိုချက်ထောက်လျှင် ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်မှာ အမျိုးခုနစ်ဆက် ယုတ်နွမ်းအောင် အစွဲအဆို ခံရသူဖြစ်သည်။ နှုတ်ကျူး နှုတ်လွန်သာ မဟုတ်ချေ။ တရား ရာဇသတ်ကြောင်းနှင့်အညီ အချုပ်ဝင်သားမြေးတွင် မသေကျန်လူတို့ကို စာရင်းတင်၍ တင်သည့်စာရင်းတွင် မိန်းမ ယောက်ျားမသေ ကျန်လူတို့နှင့် ရေငုပ်အချုပ်ဝင် ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်သို့ မိန်းမတကိုယ်ငွေ ၂၅ ကျပ်၊ ယောက်ျားတကိုယ် ၃၅ ကျပ်၊ ဘွဲ့အမည်ရ အသနားခံသူရသူတို့မှာ တကိုယ် ၇၀ ကျပ်ကျ၊ ပေါင်း အစုစုတွင် တွက်စုကျအတိုင်း ရွှေယင်မျှော်ဘုရားကျွန်သီးတော်အကြီး မုံတောင်ကျော်တင်တို့က လျော်ပေးစေ၊ တရားကျနရန် မှန်သမျှကို ဘုရား ကျွန်သီးတော် အကြီးတို့က အလုံးကျခံ ပြန်ပေးစေ - မစီရင်သာ။ စရိတ်ပြန်လွတ်စေ၊ အောင်လက်ဖက်ကို ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်က ဆက်စေ။
            အထက်ပါ စီရင်ချက်ဖြတ်ထုံးကို လေ့လာပါလျှင် အမျိုး အရိုး အဆက်အနွယ် ရင်းမြစ်ထွက်ဆိုရာတွင် ရှေးထုံးနှင့် ကွဲလွဲကြောင်း တွေ့နိုင်သည်။ ရှေးထုံးတန်းစဉ်လာမှာ ယောက်ျားဖြစ်ပါက အဖဖက် အဆက်အနွယ်၊ မိန်းမဖြစ်လျှင် အမိဖက်အဆက်အနွယ် မျိုးရိုးဖက်လိုက်ရရိုးဖြစ်ပါလျက် ရွှေတောင်သူရကျော်စွာခံ ငကောင်းပြည်၏ အမျိုးအဆက် ထွက်ဆိုချက်မှာ အမိဖက်အမျိုးကိုသာ ကိုးကားထွက်ဆိုသဖြင့် တမူထူးခြားနေသည်။ ထို့ပြင် ရှေးမင်းများသည် ဘုရားနှင့် ပတ်သက်သောဘုရားကျွန်၊ ဘုရားမြေ စသည်တို့ ပိုင်ဆိုင်မှုများအတွက် ဘုရင်နှင့် တရားတွေ့ကြလျှင် ဘုရင်က လျှောပေးရမြဲ ဖြစ်သည်။ ယခုအမှုတွင် ဘုရားကျွန်ဖြစ်သည်၊ မင်းကျွန်ဖြစ်သည်ဟူသော စွဲချက် အရှုပ်အရှင်းမှာ တရားသူကြီးက ရှင်းလင်းအောင် မစွမ်းဆောင်နိုင်ရကား ရေငုပ်ပြိုင်စေ အမိန့်ချသည်။ ဘုရားဖက်သို့ အနိုင်မပေး၊ မှန်ရာဖြစ်ရမည်ဟု သဘောထားပုံရသည်။ မှတ်တမ်းစီရင်ထုံးအများအပြားတွင် တရားလို တရားခံကိုယ်တိုင် ရေငုပ်ကြရသည်။ ယခု အမှုမှာ ဆန်းကြယ်သည်။ ထို့ပြင် အမှုဖွင့်ပုံသည် နှုတ်ကျူး နှုတ်လွန်သာမက အမျိုးခုနစ်ဆက် ယုတ်နွမ်းအောင် စွပ်စွဲခံရခြင်း ဖြစ်သည်ဟု ယူဆရာ ရာဇသတ်ကြောင်းအရ မသေကျန်သည့် ဆွေသားစုတို့အား လျော်ကြေးပေးရန် ပြဋ္ဌာန်းသည်ကား ဘုရားကျွန်မဟုတ်ကြောင်း ခိုင်လုံသောကြောင့် ကျွန်ဖိုးပေးရခြင်းဖြစ်သည်။ ပုဂံခေတ်တွင် ကျွန်ဖိုး ပျမ်းမျှ ၃၀ ကျပ်ဖြစ်ရာ ကုန်းဘောင်ခေတ်ဦးဤစီရင်ထုံးနှင့် နှိုင်းယှဉ်လျှင် မကွာခြားလှပေ။ သို့ရာတွင် မင်းပေးဘွဲ့ရသူများကား တန်ဖိုးနှစ်ဆ အလျော်ပေးရခြင်းမှာ မှတ်သားဖွယ်ကောင်းပါသည်။ 
လုပ်သားပြည်သူ့နေ့စဉ် ?၊ ၂၆-၃-၁၉၆၂ ?၊ စာ - ။
စုဆောင်သူ - ဦးအောင်သန်းထွန်း၏ ပုဂ္ဂလိက စုဆောင်မှု
ထိန်းသိမ်းသူ - ငမိုးရိပ် လူမှုသုတေသနအဖွဲ့ (NgaMoeYeik Social Research Society)
ကုန်းဘောင်ခေတ်ဦး ကမ္ဘာလေးရပ် စီရင်ထုံး < > ဦးသောင်း - ရေဦး
            ပဒေသရာဇ်ခေတ်တရားစီရင်ထုံးများ လေ့လာသောအခါ ကြေးငွေဥစ္စာနှင့် စပ်လျဉ်းသော ကြွေးမြီမှု အပ်ထားပေါင်နှံမှုများ၊ ငွေခွဲ၊ ငွေယူမှုများ၊ ရောင်းဝယ်မှု၊ မြေမှု၊ ခိုးဝှက် ယိုးစွပ်ပုတ်ခတ် အသေသတ်မှုများ၊ လင်ကွာ မယားကွာနှင့် လောင်းစားမှုစသည်တို့ကို မနုကျယ် ဓမ္မသတ်တွင် မူလတရား ၁၈ ပါးဟု ဖော်ပြထားသည်။
ကမ္ဘာလေးရပ်
            ထိုမူလ တရားများစီရင်ထုံးဖြတ်ရာတွင် တရားသူကြီး ခုံသမက်တို့သည် ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင် ဆုံးမပြောဆိုပြိး တံစိုး ဂတိတို့ မလိုက်မူ၍ တရားဓမ္မသတ်ရှိသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရသည်။ သို့ရာတွင် သက်သေအထင်အရှား မရှိပါက လေးရပ် ကမ္ဘာစောင့်နတ်တို့ စီရင်ရာကံတရားသို့ ချသင့် ချထိုက်သည်ဟူ၍ ကမ္ဘာလေးရပ်မှ တစ်ခုခုသို့ ချကာ အရှုံးအနိုင် ပေးရ၏။ 
            ထိုကမ္ဘာလေးရပ်မှာ ရေ၊ မြေ၊ လေ၊ မီးဟု ဆိုအပ်သော ရေသို့ချပြီး ရေငုပ်ပြိုင်ခြင်း၊ မြေမှ ထွက်သောဆန်ကို ကုန်အောင် ဝါးပြခြင်း၊ လေငြိမ်ရာ မီးပြိုင်ထွန်းရခြင်း၊ ပူလောင်သည့်ခဲပူရည်တွင် လက်ထောက်ပြရခြင်း ဖြစ်ပါသည်။
အမိန့်ပြန်ဆိုကာ
            ဤသို့ ကမ္ဘာလေးရပ်မှ တခုခုဖြင့် ချမှတ်ပြရာတွင် သက်သေအထင်အရှား မရှိဆိုသည်ကို ကုန်းဘောင်ခေတ်ဦး၊ ပဒုံမင်းနန်းတက်စ သက္ကရာဇ် ၁၁၄၃ ခုနှစ်က အောက်ပါအတိုင်း အမိန့်ပြန်၍ ဋီကာဖွင့်ခဲ့သည်။
            အမှုသည်တို့အဆို ၂ ပြင် ကွဲပြားသည်ကို လူသက်သေသိမှီသူတို့ ကာလရှည်ဝေး၏ မသိမမှီ မပြဆိုနိုင် သောကြောင့်၎င်း၊ ရှေးဟောင်းစာတန်းကျောက်စာကမ္ဗည်း မပြမဆိုနိုင်ရှိသော်၎င်း၊ ပြတင်နိုင်သော်လည်းကောင်း ပြတင်သည့် စာပေနှင့် မယုံမကြည်သင်္ကါမကြေထိုက်လျှင် ကမ္ဘာလေးရပ်တွင် တရပ်ရပ်စီရင်ထုံး ရှိသည်ဖြစ်၍ -
            ထိုစီရင်ထုံးများနှင့် ဆုံးဖြတ်သောအခါ ရှေးဦးစွာအချုပ်စာနှင့် အဓိဋ္ဌာန်စာခွေများကို ၃ ကြိမ်ဖတ်ကြား၍ လည်တွင် စွပ်ထားရသည်။ အချုပ်စာမှာ တရားလို တရားခံတို့၏အမှန်ထွက်ဆိုချက် အချုပ်ဖြစ်သည်။ အဓိဋ္ဌာန်စာမူမှာ အချုပ်အတိုင်း မှန်ပါသည်ဟု အဓိဋ္ဌာန်စာတွင် ဖော်ပြထားသော နတ်မြတ်အပေါင်းတို့အား တိုင်တည်၍ သည်အတိုင်းမှန်လျှင် ဘေးကင်းစေသဖြင့် အဓိဋ္ဌာန်ပြုခြင်း ဖြစ်သည်။
ရှာဖွေပြီးလျှင်
            ထောင်အမှုထမ်းများက တရားလို တရားခံ၏ပါးစပ်၊ ဦးခေါင်း၊ ခြေကြား လက်ကြားတို့တွင် အင်း၊ အိုင် ခလဲ့ လက်ဖွဲ့များပါ မပါ ရှာဖွေပြီးလျှင် သစ္စာတော်ကျမ်းကို ကိုင်ကြရသေးသည်။ နှုတ်ကလည်း မမှန်လျှင် သစ္စာတော်ကျမ်းတွင် ပါသည့်အတိုင်း စူးရောက်ပါစေဟု ဆိုရသည်။ ဤအမှုကိစ္စများ ပြီးစီးမှ သက်ဆိုင်ရာအစီရင်များအရ စီရင်ကြသည်။ စီရင်သည့်အခါ ကြည့်ရှုကြပ်မတ်သူများအဖြစ် တာဝန်ခံ မြို့စာရေးကြီး၊ နာခံတော် တရားလို၊ တရားခံ၏ရှေ့နေများ၊ ရာဇဝတ်ခုံရုံးမှ စာရေးများ၊ ထောင် အမှုထမ်းတို့ လိုက်ပါကြရသည်။
ရေကမ္ဘာ
            ပထမရေကမ္ဘာဖြစ်သော ရေချရေငုပ်ပြိုင်ခြင်းမှာ တရားလို တရားခံကိုယ်တိုင် ၂ ဦး ပြိုင်ဆိုင် ရေငုပ်ခြင်း သို့မဟုတ် လူငှား၍ ငုပ်စေခြင်း၊ စွပ်စွဲခံရလျှင် တဦးတည်း ရေငုပ်ခံရခြင်းများ တွေ့ဘူးသည်။ ငုပ်မည့်ရေဆိပ်သို့ ကြပ်မတ်သူများနှင့်တကွ ရေငုပ်ပြိုင်မည့်သူများပါ သွားရောက်ကြလျက် ထုံးစံရှိသည့်အတိုင်း အထက်ဖော်ပြပါ အစီအရင်များ စီမံဆောင်ရွက်ရသည်။ ပြီးမှ ရေငုပ်သူများ၏ ခါးကို ကြိုးဖြင့် ချီပြီးလျှင် ရေလယ်သို့လှေဖြင့် သွားကာ ရေငုပ်စေသည်။ ၂ ဦးတို့သည် ပခုံးများပေါ်သို့ ဝါးတစ်လုံးစီ တင်ဖိထားရသည်။ 
            ဝါးဖိသည့်အချိန်မှစ၍ ထောင်အမှုထမ်းများက ကုန်းပေါ်မှ နာရီခွက်နှင့် မှတ်သားစောင့်နေကြသည်။ ရေပေါ်သို့ တက်လိုလျှင် ခါးကြိုးဖြင့် အချက်ပြရသည်။ ရှေးဦးပေါ်သူ ရှုံးသည်။ အကယ်၍ သတ်မှတ်သောအချိန်အတိုင်း ၂ ဦးစလုံး ငုပ်နိုင်သောအခြေအနေကို အကဲခတ်ပြီး နွမ်းနယ်သူအား အရှုံပေးသည်။ ၂ ဦးလုံး နွမ်းနယ်နေခဲ့မူ နှစ်ဦးပြိုင်နေသည်ဟု မှတ်ရ၏။ 
တရားစားရိတ်
            သက္ကရာဇ် ၁၁၅၅ ခုနှစ် အိမ်ရှေ့ရုံးတော်တွင် ငမြတ်ရာနှင့် မိတုပ်တို့အား ရေငုပ်ပြိုင်စေခြင်းဖြင့် ဆုံးဖြတ်စီရင်သည်၊ မည်သည့်အမှုဖြင့်စီရင်သည်ဟု မဖော်ပြပါ မိတုပ်ရှုံးပါသည် တရားစရိတ်များနှင့် ပတ်သက်၍ အတည်ကြေး ၃၀ ကျပ်၊ အဓိဋ္ဌာန်ရေး ၁ ကျပ် အချုပ်ရေး ၅ မူး ကြိုးကိုင် တိုင်စိုက် ဝါးနှိပ် နာရီကိုင်တို့မှာ ၁ ကျပ်ခွဲစီနှင့် ကျမ်းတိုက်သူ ၅ မူးပေးရ၏။
လူငှားနှင့် ငုပ်ခြင်း
            လူငှားနှင့်ငုပ်စေခြင်းမှာ စဥ့်ကူးမင်းလက်ထက် သက္ကရာဇ် ၁၁၃၉ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့ ဝန်ရှင်တော် သတို့းနန္ဒမိတ်သင်္ကြန်ကောက်ချက်တွင် ရွှေယင်မျှော်ဘုရားရှင် ကျွန်သီးတော်အကြီးက ရွှေတောင်သူရကျော်စွာဘွဲ့ခံ ငကောင်းပြည့်အား မင်းကျွန်မဟုတ်၊ ဘုရားကျွန်သာဖြစ်ကြောင်း စွဲဆိုသောအမှုဖြစ်သည်။ ဤအမှုတွင် ကျွန်သီးတော်အကြီးဘက်က ငကျား နံ ၆ အသက် ၃၅ နှစ် ရွှေတောင်သူရကျော်စွာဘက်က ငရည်- နံ ၄ အသက် ၄၅ နှစ်တို့က အငှားရေငုပ်သည်။ ငကျား မငုပ် မနေနိုင်ရေမှ ပေါ်လာသဖြင့် ကျွန်သီးတော်အကြီး ရှုံးသည်။ စီရင်ထုံးတွင် မင်းကျွန်ကို ဘုရားကျွန်ဟု စွဲဆိုရုံသာမက ရွှေတောင်သူရကျော်စွာ၏ ဆွေမျိုး ၇ ဆက် ယုတ်နွမ်းအောင် အစွပ်စွဲခံရခြင်း ဖြစ်ရာ တရား ရာဇဝတ်ကြောင်းအရ အချုပ်ဝင် သားမြေးတို့အတွင်း မသေကျန် လူတို့စာရင်း တင်၍
            မိန်းမ တကိုယ် ငွေ ၂၅ ကျပ် ယောက်ျားတကိုယ် ငွေ ၃၅ ကျပ် ဘွဲ့အမည်ရ သန . . . ခံရသူတို့မှာ တကိုယ် ၇ ကျပ်ကျ ပေါင်း အစုစု တွက်ကျအတိုင်း ရွှေယင်မျှော်ဘုရားကျွန်သီးတော်အကြီး မုံတောင်ကျော်ထင်တို့က လျော်ပေးစေ၊ တရားကျနရန် မှန်သမျှကို ဘုရားကျွန်သီးတော် အကြီးက အားလုံးကျခံစေ။
ဟူ၍ ကောက်ချက်စီရင်ထုံးရှိသည်။
စုန်းစွပ်စွဲမှု
            တဖန် စုန်းဟု အစွပ်စွဲခံရ၍ တဦးတည်း ရေငုပ်ခံရခြင်းမှာ သက္ကရာဇ် ၁၁၅၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၃ ရက်နေ့ သူနာ ရွှေတောင်ပေါ်ထင်သမားဂုတ္တပုတ္ထယက္ခအာဠာဝက၊ ကဝေတို့က မိသူကို စုန်းဖြစ်သည်။ ဖမ်းစားသည်ဟု အိမ်ရှေ့ရုံးတော်မှာ စွဲဆိုသောအမှုဖြစ်သည်။ ရေဆိပ်တွင်မိသူ၊ နံ ၅ အသက် ၅၀ အားထမီအတွင်း အပြင်လှန်၍စောက်ထိုး ဝတ်စေသည်။ ထုံးစံအတိုင်း စစ်ဆေးဆောင်ရွက်ပြီး ရေချိုးရသည်။ 
            ထောင်အမှုထမ်း တယောက်က ဆံပင်ကို ၇ ခွဲ ထုံး၍ ဆံထုံး တထုံးတွင် ဘီးကြိုး ၁။ လင်းတတောင် ၁။ လူရိုး ၁။ တစူး ဝါးလုပ်၊ လေးမြှားတို့ စိုက်သည်။ ခြေမ၊ လက်မများ ကြိုးနှင့်ချီလျက် ခါးကိုလည်း အထုံး ၇ ထုံး ပဲကြိုးနှင့် တဲသည်။ လှေ နှစ်စီး ဦးပဲ့ ယှဉ်စေပြီး ဆုံး ၇ မည်ခံထားသော တစူးဝါးကပ်တင်၍ မိသူအားတက်စေ၏။  ၇ အိမ်က မစင်ကို ရေနှင့်ဖျော်ကာ ဦးခေါင်းမှ လောင်းကြသည်။ ဇော်ဂနီတို့ ပြေးလေ ခွာလေဟု ထက်အောက် ဖီလာလေးနှင့် ပစ်ရသည်။ ထို့နောက်မှ လှေ ၂ စင်း ရေလယ်သို့ ဖွင့်ပြီးလျှင် ရေသို့ ချမြဲချ၏။ ကြိုးတစ်ထုံးမျှ ရေမနစ်၊ ရေတွင် ပေါလောပေါ်နေသည်။ မိသူ ငုပ်နိုင်၏။
            ဤသို့ အိသူအား ချည်သောကြိုးထုံးရေမနစ်၊ မိသူငုပ်နိုင်ရကား အနိုင်ရ၍ စုန်းဟု စွပ်စွဲခြင်းမှ လွတ်ငြိမ်းခွင့်ရလေသည်။
မြေကမ္ဘာ
            ဒုတိယ မြေကမ္ဘာဖြစ်သောမြေထွက် ဆန်၊ ဝါးရခြင်းမှာ တန်ခိုးကြီးဘုရားရှေ့ကျင်းပရသည်။ ဘုရားပူဇော်ပွဲ၊ နတ်ရကာ ပွဲများ ပူဇော်ပသ၍ ထုံးစံအတိုင်း အချုပ်စာ အဓိဋ္ဌာန်စာများ ဖတ်ကြား ခွေခွပ် သစ္စာတော်ကျမ်းကိုင်ကြသည်။ တရားလို တရားခံတို့အား နှုတ် လျှာ် အာခံတွင်း အဝတ်အစား၊ ဆံဦး စသည်တို့ ကြည့်ရှုသန့်ရှင်းစေသည်။ ထောင်အမှုထမ်းတို့က ပါးစပ်တွင်း လက်ညှိုး လျှိုထားကာ ဖက်ကတော့ဖြင့် ထည့်သွင်းထားသော ဆန် ၅ မူး သားစီကို ခွံ့ရသည်။ လက်ညှိုး တပြိုင်နက် နှုတ်ပြီးမှ စားဝါးစေသည်။ တစ်ဦးဦးကကုန်ပြီ အစီရင်ခံလျှင် ဆန်ခွံ့သူတို့က '' စားဦး၊ ဝါးဦး'' ဟု သုံးကြိမ်တိုင် ဆိုပြီးသည်နှင့် တပြိုင်နက် မစား မဝါးနိုင်အောင် တဖန် လက်ညှိုးလျှိုရေလောင်းထည့်သည်။
            ရေကို ငုံထားပြီး ထွေးခံတွင်းသို့ ၃ ကြိမ်ထွေးရသည်။ ဆန်ကျိုး ဆန်ညှာ ပါ မပါ။ ရေ နောက် မနောက် စစ်ဆေးကြည့်ရှုကြသည်။ ဆန်ကုန် ရေကြည်လျှင် နိုင်တော့သည်။ နှစ်ဦးလုံး စားနိုင် ဝါးနိုင်ပါက ရေနောက်ခြင်း တူညီပါက ပြိုင်သည်ဟု ဆိုသည်။
ကာမစပ်ယှက်မှု
            သက္ကရာဇ် ၁၁၅၉ ခု၊ ဝါခေါင်လပြည့်ကျော် ၉ ရက်နေ့ အိမ်ရှေ့ရုံးတော်က မိငြိမ်း၊ ငလာတို့ မေထုန်ကာမစပ်ယှက်သည်။ မစပ်ယှက်သည်ကို ဆိုကြသည့်စကားကို နှစ်ဦးအချုပ်နှင့် ဆန်ဝါးစားစေ ကောက်ယူစီရင်ချက် ချသည်။ အမရပူရရွှေမြို့တော် ဆင်ကြိုးရွှေကူ ဘုရားရှေ့တွင် မိငြိမ်း၊ နံ- ၆၊ အသက် ၁၂ နှစ်၊ ငလာ၊ နံ- ၇ အသက် ၃၃ နှစ်ရှိသူတို့ ပြိုင်ဆိုင်ဆန်ဝါးကြရာ မိငြိမ်းသည် ဆန်ဝါးနိုင်သည်။ ရေကြည်သည်။ ငလာက ဆန်မဝါးနိုင်၊ ဆန်စေ ဆန်ကျိုး၊ ဆန်နုပ်ကျန်သည်။ ရေနောက်သည်။ 
စသည်တို့ အစီရင်ခံချက်အရ မိငြိမ်းနိုင်သည်။ ကုန်ကျငွေမှာ အတည် ၁၅ ကျပ်၊ အဓိဋ္ဌာန်ရေး ၁ ကျပ်၊ အချုပ်ရေး ၅ မူး၊ လုလင် ၅မူး၊ ဆန်ခွံ့ ၁ ကျပ်ခွဲ။ ဆန်ဘိုး ၁ ကျပ်။ ထွေးခံအင်ဘိုး ၅ မူး။ အိုးဘိုး ၅ မူး။ ကျမ်းတိုက် ၅ မူး။ မြို့စာရေး ခြေကြွ ၅ ကျပ် ဖြစ်သည်။
လေကမ္ဘာ
            တတိယ လေကမ္ဘာဖြစ်သောလေငြိမ်ရာ မီးပြိုင်ထွန်းရခြင်းမှာ တန်ခိုးကြီးဘုရားရှေ့ ကျင်းပရသည်။ ဖယောင်းတိုင်များ အတို အရှည် တညီတည်း ဆန် ၁ ကျပ်သား။ မီးစာချည်မျှင် တစင်တည်းမှ ၁ပဲ သားစီကျစ်စေ၍ မြေအင် အတွင်း ထည့်ထားသည်။ အစီအစဉ်အတိုင်း ပူဇော်ပွဲများ၊ အချုပ်စာ၊ အဓိဋ္ဌာန်စာများ ဖတ်ကြားခွေ စွပ်ကာ သစ္စာတော်ကျမ်းကိုင်ကြသည်။ စာမတတ်သူ လူငယ်တဦးအား တရားလို တရားခံများ အမည်ရေးထားသော စာခွေကို ဖယောင်းတိုင်မြေအင် ရှေ့ချထားစေသည်။
            ထောင်အမှုထမ်း တဦးက တပြိုင်တည်းယှဉ်ပြိုင် မီးထွန်းပေးလျက် အမှုသည် ၂ ဦး ဘုရားအာရုံပြုစေသည်။ တဦး မီးစာကုန်ပြီး တဦးက ကျန်နေပါက ကျန်သူ ရှုံး၏။ ၂ ဦးစလုံး မီးစာကျန်ခဲ့လျှင် အကျန်များသူက ရှုံးသည်။ မီးစာအကုန် လောင်ကျွမ်းခဲ့သော် မီးအရင် သေသူ ရှုံးရသည်။
ငွေ ၁၀ ကျပ်အမှု
            သက္ကရာဇ် ၁၁၅၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့ အိမ်ရှေ့ ရုံးတော်က မိစံ၊ ငလှတို့ ငွေ ၁၀ ကျပ် အမှုကို အကွယ်အထောင့်ရှိကြ၍ မီးပြိုင်ထွန်းကြစေကာ ခံယူ စီရင်ချက်ချသည်။ အမရပူရမြို့၊ ဆင်ကြိုး ရွှေကူဘုရားရှေ့ မီးပြိုင်ထွန်းကြရာ ငလှမီးတိုင် အရင်သေသည်။ မိစံ မီးတိုင်နောက်မှ သေသည်။ မီးစာကျန်ကို ချိန်သော် ငလှမီးစာ တမူးကျန်။ မိစံ မီးစာ သုံးမတ်ကျန်သည်ကို
            အိမ်ရှေ့စာရေးကြီးမောင်နှင်း၊ မြို့စာရေးဇေယျသီရိကျော်ထင်၊ ငလှ ရှေ့နေ အမိန့်တော်ရ ဇေယျဓနု၊ မိစံ ရှေ့နေ လှော်ကား စာရေးတို့ အစုံအညီ မှတ်သည်။ အတည်ကျန်၊ ကုန်ရန်များမှာ ဆန်ဝါးတို့နှင့် အတူကုန်ကျစေ။
စသဖြင့် အစီရင်ခံရကား မိစံ ရှုံး၍ ငလှ အနိုင်ရဘူးသည်။
မီးကမ္ဘာ
            စတုတ္ထမီးကမ္ဘာဖြစ်သော ခဲပူရည်တွင် လက်ထောက်ပြရခြင်းသည် ခိုးဝှက် ယိုးစွပ် ပုတ်ခတ် အသေသတ်မှုများသာ စီရင်ရဟန်တူသည်။ အကျဉ်းထားတရားခံများကိုသာ ထောက်စေသည်။ ကျင်းပသည့်နေရာမှာ ရုံးတော်တွင်သော်၎င်းရှေ့အရိပ်တွင်သော်၎င်း ဖြစ်သည်။ ခဲအချိန် ၃၃၃ ကျပ် ၃ မူး၊ ၃ ပဲ ၊ ၃ ရွေးကို ကြည်လင်အောင် ကြိုရသည်။ခဲထောက်မည့်တရားခံများ လက်ျာလက်ညှိုးများကို မြို့ဝန်စာရေးတို့က ဒဏ်ရာ၊ အမာရွတ် ရှိ မရှိ စစ်ဆေးသည်။ ထောင်အမှုထမ်းတို့က လက်ညှိုးအပေါ် သက်ငယ် ၇ ပင်၊ ဝါးခြမ်းစိတ်ငယ် တစ်ခုတင်၍ ချည် ၇ ပင်နှင့် စီးပေးသည်။ လက်ညှိုးထိပ် ခဲပူမထိစေရန် ဝါးခြမ်းစိတ်ငယ်ကို လက်ထိပ်ထက် ပိုထားသည်။ ထုံးစံအတိုင်း အင်း အိုင် လက်ဖွဲ့ ပါ မပါ စစ်ဆေးပြီးသော် အချုပ်စာအဓိဋ္ဌာန်များ ဖတ်ကြားခွေစွပ်ပြီးလျှင် သစ္စာတော်ကျမ်းကိုင်ကြသည်။ ပြီးမှ ခဲထောက်မည့် တရားခံများလက်ကို ထောင်အမှုထမ်းအကြီးက ကိုင်၍ ခဲပူရည်အတွင်း နှိုက်ထောက်စေသည်။ ပြီးလျှင် စီးပေးထားသောချည်မျှင်များဖြေလျက် အကျဉ်းထောင်မှာ ထားမြဲထားသည်။
            ၃ ရက်ကြာမှ ရုံးတော်သို့ ခေါ်ကာ မြို့ဝန် မြို့စာရေးတို့ စုံညီ ခဲထောက်သော တရားခံများ၏ လက်ကို ကြည့်ရှု စစ်ဆေးသည်။ အပ်နှင့် ဖောက်ကြည့်သည်။ သနံရည်ရလျှင် အပြစ်ရှိသည်ဟု ယူဆသည်။ သွေးစိမ်းရလျှင် အပြစ်မရှိချေ။
အထည်ခိုးမှု
            သက္ကရာဇ် ၁၁၆၉ ခု နတ်တော်လပြည့်ကျော် ၁၀ ရက်နေ့ လွှတ်တော်စာရေးကြီး နန္ဒမိတ် ဆင့်အပ်သည့်အတိုင်း ငမြတ်ရာ၊ ငရမ်းတို့အား ငမောင်၊ သာပေါ တို့ ဥစ္စာရွှေငွေ အထည် အလိပ်များ ခိုးယူပါသည်ဟု စွပ်စွဲမှုတွင် တရားခံ ငမြတ်ရာ နံ ၁၊ အသက် ၂၄။ ငရှမ်း နံ ၆။ အသက် ၃၁။ သူတို့လက်သို့ လက်မထောက်ရာဇသီဟကိုင်၍ ခဲပူရည်တွင်း နှိုက်ထောက်စေသည်။
            သက္ကရာဇ် ၁၁၆၉ ခု၊ နတ်တော်လပြည့်ကျော် ၁၂ ရက်နေ့ ခဲထောက်မြဲ ရက်စေ့၍ ငမြတ်ရာ ငရှမ်းတို့ ခဲနှိုက် လက်ထောက်သည့် လက်ျာလက်ညှိုးကို မြို့ဝန် နေမျိုးဒေဝသူရ၊ မြို့စာရေး နန္ဒသီရိကျော်သူ၊ ရွှေတောင်ပျံချီတို့ အစုံအညီ လက်မထောက် ငပြေကို အပ်နှင့်ထောက်စေ၍ ကြည့်သည်တွင် သနံရည် မရ သွေးစိမ်းသာ ရသည်၊ ခဲမစွန်း မငြိ သန့်ရှင်းသည်။
ဟူ၍ ဆုံဖြတ်ချက်အရ ငမြတ်ရာ ငရှမ်းတို့ မခိုး မယူကြောင်း ထင်ရှား၍ လွှတ်ရသည်။
            အထက်ပါ ကမ္ဘာလေးရပ် အကျိုးအကြောင်းနှင့် စီရင်ထုံးများမှာ ကုန်ဘောင်ခေတ်ဦး တွေ့ရသည့် အထောက်အထားများအရ ဖော်ပြရခြင်း ဖြစ်သည်။ အမှုအခင်း စီရင်ထုံးများစီစစ်သော် အချို့ကမ္ဘာရပ်များတွင် တရားလို တရားခံ ၂ ဦး ပါဝင်ယှဉ်ပြိုင်ရ၍ ယိုးစွပ်မှုများတွင် တရားခံများသာ စီရင်ရကြောင်း တွေ့မြင်နိုင်သည်။ ဤအမှုအခင်း စီရင်ထုံးများသည် တရားမျှတမှု မှန်ကန်မှုများရှိသည်ဟု ခန့်မှန်းရန် ခဲယဉ်းပေလိမ့်မည်။
            သို့သော် ထိုခေတ်က လူများမှာ အဓိဋ္ဌာန်ချုပ်နှင့် သစ္စာတော်ကျမ်းတို့ကို သက်ဝင်ယုံကြည်ကြသဖြင့် မမှန်မကန် ပြုမိလျှင် စိတ်ဓာတ်ချောက်ချား၍ ရှုံးနိမ့်ပြီး အမှန်အကန် ဖြစ်နိုင်သည်ဟုလည်း ယူဆနိုင်သည်။ ဤမြန်မာမှုထုံးတမ်းစဉ်လာများသည် ပုဂံခေတ် ပဒေသရာဇ်မင်းများလက်ထက်က စတင်ပေါ်ပေါက်စီရင်ကာ မြန်မာ့ထီးနန်း 
အဆက်ဆက်လိုက်နာဆောင်ရွက်ခဲ့ရကား သူ့ခေတ်သူ့အခါက သူ့နည်းသူ့ဟန်များဟူ၍ ဆိုရမည်သာ ဖြစ်ပါတော့သည်။ 
အိုးဝေဂျာနယ်၊ ၂၆-၂-၁၉၆၉၊ စာ - ။
စုဆောင်သူ - ဦးအောင်သန်းထွန်း၏ ပုဂ္ဂလိက စုဆောင်မှု
ထိန်းသိမ်းသူ - ငမိုးရိပ် လူမှုသုတေသနအဖွဲ့ (NgaMoeYeik Social Research Society)